ထားဝယ်တွင် ရိက္ခာယူရန်လာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ၍ ၅ ဦးသေဆုံး

ထားဝယ်တွင် ရိက္ခာယူရန်လာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ၍ ၅ ဦးသေဆုံး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ဒေသရှိ ကျောက်မဲတောင် ဗျူဟာကုန်းမှ ရိက္ခာယူရန်လာသည့် စစ်ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်သည့်အတွက် (၅)ဦး သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့ဝင်များက ပြောသည်။

အရှေ့တောနယ်ဒေသ ကျောက်မဲတောင်စခန်းအနီးတွင် ဧပြီလ(၂၂)ရက်နေ့က စစ်ကောင်စီမှ ရဟတ် ယာဉ်ဖြင့် ရိက္ခာပစ္စည်းများကို လာရောက်ချထားပေးသည့်အပေါ် ကျောက်မဲတောင်စခန်းရှိ စစ်ကောင်စီ တပ်ဖွဲ့များမှ သွားယူရန်လာနေစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

“မနေ့က တိုက်ပွဲဖြစ်တာ သူတို့က ရိက္ခာယူဖို့လာတဲ့အချိန် တိုက်ပွဲဖြစ်ကြတာ။ သုံးနာရီနီးပါးကြာတယ်။ စစ်တပ်ဘက်ကတော့ (၅)ယောက်သေပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က (၁)ယောက် ဒဏ်ရာရတယ်။ မြေပြင်က လာတာမရတော့ လေကြောင်းကနေပြီးတော့ စစ်တပ်ကရိက္ခာဖြည့်တင်းတဲ့ပုံစံမျိုးတွေ လုပ်ဆောင်လာတာ။”ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့ကလည်း ကျောက်မဲတောင် ကျေးရွာအနီးတဝိုက်တွင် အာဏာသိမ်း စစ် ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တို့ကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ် ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦး သေဆုံးခဲ့သေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ထုတ်ပြန်ထားချက်များအရ သိရသည်။

အဆိုပါ အရှေ့တောနယ်ဒေသတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ စတင်ပြီး နှစ်ဖက်တိုက်ပွဲများကြောင့် ကျောက်မဲတောင်၊ တောင်သုံးလုံး၊ ရွှေချောင်းနှင့်မေတ္တာမြို့ရှိ ဒေသခံများမှာ ယနေ့အချိန်ထိ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း မေတ္တာမြို့နေ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက“အခုချိန်ထိတော့ မပြန်ရဲကြသေးဘူး။ စစ်တပ်က အချိန်မရွေး စစ်ကြောင်းထိုးလာနိုင်တယ်။ ပြီး တော့ လေယာဉ်တွေကလည်း အမြဲဝဲနေတော့ ရိက္ခာရှိတာနဲ့ပဲ စားသောက်နေကြတယ်။ စစ်ဘေးရှောင် ကူညီတဲ့အဖွဲ့တွေ လာတာမျိုးတော့ ရှိတယ်။ ဒါပေမဲ့ လိုအပ်ချက်တွေတော့ ရှိနေတုန်းပဲ။”ဟု ကေအိုင်စီ သို့ ပြောသည်။

ထားဝယ်-ထီးခီးလမ်းပိုင်းရှိ နေရာအများစုကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ရိက္ခာများသယ်ယူပို့ဆောင်ရာတွင် ယခုနောက်ပိုင်း ကုန်းလမ်းကို အသုံးမပြုတော့ဘဲ လေကြောင်းကို ပိုမိုအားထားအသုံးပြုလာကြောင်း တော်လှန်ရေး အင်အားစုဘက်က ပြောဆိုသည်။

May 3, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်အရုံး ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်/တပ်မဟာ(၆) ဝင်းရေးမြို့နယ်...
May 3, 2024
မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်ကျော် ကာလအတွင်း ကရင်နီ(ကယား)ပြည်တွင် စစ်...
May 2, 2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် (၁၃)မိုင်တွင် မေလ(၁)ရက်နေ့က စစ်ကောင်စီနှင့်...
May 2, 2024
စစ်အာဏာရှင် စနစ်ဆိုးကြောင့် အလုပ်သမားများအနေဖြင့် ယနေ့အချိန်ထိ အလုပ်သမားများ အခွင့် အရေးချိုး...