မြဝတီချစ်ကြည်ရေးတံတား အမှတ် (၁) ယာယီပိတ်ထားပြီး ပတ်စ်ပို့ဗီဇာဖြတ်သန်းခွင့်နှင့်ကျန်းမာရေး လူနာပို့ဆောင်မှုကို ခွင့်ပြုထား

မြဝတီချစ်ကြည်ရေးတံတား အမှတ် (၁) ယာယီပိတ်ထားပြီး ပတ်စ်ပို့ဗီဇာဖြတ်သန်းခွင့်နှင့်ကျန်းမာရေး လူနာပို့ဆောင်မှုကို ခွင့်ပြုထား

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ချစ်ကြည်ရေးတံတားအမှတ် (၁) တွင် ဧပြီလ ၂၁ ရက်ယနေ့၊ နံနက်ပိုင်းမှ စတင်ပြီး တံတားဖြတ်သန်းခွင့်ကို ယာယီပိတ်ထားပြီး နှစ်နိုင်ငံဝင်ထွက်ခွင့် ဗီဇာ၊ ပတ်စ်ပို့ဖြင့် ဝင်ထွက် မှုနှင့်အရေးပေါ်ကျန်းမာရေးကိစ္စလူနာလွှဲပြောင်းပို့ဆောင်မှုတို့ကို ခွင့်ပြုထားကြောင်း တံတား ဖြတ် သန်းခွင့်ရုံးကိစ္စဆောင်ရွက်နေသူများ ပြောစကားအရ သိရသည်။

"အခုက တံတား ဒီနေ့ ပိတ်တယ်။ မှတ်ပုံတင်နဲ့ တစ်ပတ်ယာယီတံတားကူး လက်မှတ်၊ မြို့ခံတွေ အလုပ်သွား အလုပ်ပြန်တဲ့တစ်နှစ်စာ တံတားကူး လက်မှတ်တွေ ပေးမသွားဘူး။ ဘန်ကောက် အတက် အဆင်းအဝင်အထွက် မြန်မာ-ထိုင်း ပတ်စ်ပို့ဗီဇာနဲ့ ကတော့ သွားလို့ရတယ်။ လူနာပို့ တာရတယ်။ အဲ့ လို ပိတ်တာဘယ်နှစ်ရက် ဆက်ဖြစ်မလဲ တော့မသိသေးဘူး " ဟု မြန်မာဘက်အခြမ်း လူဝင်မှုကြီးကြပ်ရေး ဌာနနှင့် နီးစပ်သူက ပြောသည်။

ကုန်သွယ်ရေးတံတား အမှတ် (၂) ဘက်တွင် ခိုအောင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် KNLA မဟာ မိတ်ပူးပေါင်းတပ်များတိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းကုန်စည်ကား ယာဉ်မောင်းများနှင့် ထိုင်းနိုင်ငံသား အလုပ်သမားများသည် မြဝတီမြို့ဘက်မှ မဲဆောက်ဘက်ကို အရေးပေါ်ပြန်ပြီး တံတားအမှတ် (၁) ဘက်မှ ထွက်ခွာနေရကြောင်း သိရှိရသည်။

တံတားအနီးနေထိုင်သူ တစ်ဦးက “မြဝတီဘက်ဝင်ပြီး ကုန်ချတဲ့တွဲ ကားသမားတွေ ထိုင်းကုမ္ပဏီတွေက ဝန်ထမ်းတွေ ပြန်ထွက်ခိုင်းတယ်။ ကုန်တွဲတွေ ထားခဲ့ပြီး ကားခေါင်းတွေပဲ မဲဆောက်ကို တံတား(၁)က ပြန်မောင်းထွက်ခိုင်းတယ်။ တိုက်ပွဲက ဘာဆက်ဖြစ်မယ်မသိတော့ အလုပ်တွေရပ်ပြီး ပြန်ကြတာမျိုးပေါ့ ”ဟု ပြောသည်။

ယမန်နေ့က ဖြစ်ပွားသည့် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားအမှတ် (၂) တိုက်ပွဲအတွင်း မြဝတီမြို့ရှိ ဒေသခံ (၆ဝဝဝ)ခန့်  ထိုင်းနိုင်ငံမဲဆောက်မြို့ဘက်နှင့် သောင်ရင်းမြစ်ကမ်း နားနေရာများသို့ တိမ်းရှောင်ခဲ့ကြရသည်ဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ပြောသည်။

ယနေ့ နံနက်ပိုင်းအထိ စစ်ကောင်စီတပ်လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှု မြဝတီမြို့ပြင်ဘက်တွင် ဆက်ရှိနေပြီး ယခုညနေပိုင်းတွင်လည်း စစ်တပ်ကင်းထောက် လေယာဉ်ပျံသန်းမှုဆက်ရှိ နေသေး သည့်အတွက် စစ်ဘေးရှောင်နေသူ အချို့ရပ်ကွက်နှင့် ကျေးရွာများ ဘက်ပြန်လည်နေထိုင်မှုမရှိသေးကြောင်း သိရှိရသည်။

Photo: KIC

May 3, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်အရုံး ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်/တပ်မဟာ(၆) ဝင်းရေးမြို့နယ်...
May 3, 2024
မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်ကျော် ကာလအတွင်း ကရင်နီ(ကယား)ပြည်တွင် စစ်...
May 2, 2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် (၁၃)မိုင်တွင် မေလ(၁)ရက်နေ့က စစ်ကောင်စီနှင့်...
May 2, 2024
စစ်အာဏာရှင် စနစ်ဆိုးကြောင့် အလုပ်သမားများအနေဖြင့် ယနေ့အချိန်ထိ အလုပ်သမားများ အခွင့် အရေးချိုး...