ကျောက်မဲမြို့ လူထုသပိတ်စစ်ကြောင်း ဖြိုခွင်းခံရ

ကျောက်မဲမြို့ လူထုသပိတ်စစ်ကြောင်း ဖြိုခွင်းခံရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ ယနေ့ (မတ်လ ၁၀) တွင် စစ်အာဏာရှင်ကျဆုံးရေး ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် လူထုသပိတ် စစ်ကြောင်း ကို အရပ်ဝတ် ရဲ၊စစ်တပ်မှ အသံဗုံးဖြင့် ဖြိုခွင်းခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ မနက်ပိုင်းတွင် ကျောက်မဲမြို့ စစ်အာဏာရှင်ကျဆုံးရေးအတွက် ဆန္ဒထုတ်ဖော်သည့် လူထုသပိတ်စစ်ကြောင်း ကို အရပ်ဝတ်စစ်သား၊ရဲများက လာရောက်ဖြိုခွင်းခဲ့ပြီး လူငယ် ၂ဦးကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားကာ ညနေပိုင်းတွင် ရပ်ကွက်လူကြီးများက လက်မှတ်သွားရောက်ထိုးခဲ့သဖြင့် ပြန်လွှတ်လာကြောင်း ကျောက်မဲမြို့ ဒေသခံများ ပြောပြချက် အရသိရသည်။

“ မနက်က ကျနော်တို့ လူစုလို့မရအောင် သူတို့အသံဗုံးနဲ့ပစ် ဖြိုခွင်းတယ်။ အရပ်ဝတ်တွေဝတ်ထားတဲ့သူတွေပဲ။ကျမရှေ့မှာ လူငယ် ၂ဦးကို ရိုက်ပြီး ဖမ်းသွားတယ်။ ညနေကျတော့ ပြန်လွှတ်လာပေးတယ်” ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် အသက် ၃၀အရွယ် အမျိုးသမီး တဦး ကသျှမ်းသံတော်ဆင့် ကို ပြောသည်။

ကျောက်မဲမြို့နယ်တွင်း တလနီးပါး စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုပြုလုပ်လာခဲ့ရာ တကြိမ်တခါမှ အသံဗုံး၊ လက်နက်ပစ်ဖောက်ပြီး လူထုဖြိုခွင်းမှုမရှိခဲ့ကြောင်း၊ ယနေ့သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း လည်း ၎င်း အမျိုးသမီးက ပြောပြသည်။

“ ကျမတို့ ဆန္ဒထုတ်ဖော်လာတာ တလလောက်ရှိပြီ၊ နေ့တိုင်းငြိမ်းချမ်းစွာ ဆန္ဒထုတ်တယ်။ အေးအေးချမ်းချမ်းပြီး သွားတယ်။ ဒီနေ့မှ စပြီးတော့ အသံဗုံးနဲ့ စဖြိုခွင်းတာပါပဲ” ဟု ကျောက်မဲဒေသခံ အမျိုးသမီး က ဆိုသည်။

ကျောက်မဲဒေသခံများ ဆန္ဒမထုတ်ဖော်ရန် ရဲ၊စစ်သားများက ယနေ့ မနက်ပိုင်းတွင်အသိပေးခဲ့သော်လည်း ပြည်သူလူထုများက ဆက်လက် ဆန္ဒထုတ်ဖော်ခဲ့သဖြင့် ရဲ၊စစ်သားများက အသံဗုံးအသုံးပြုဖြိုခွင်းခဲ့ကြောင်းသိရသည်။

ကျောက်မဲပြည်သူများအနေဖြင့် စစ်အာဏာရှင်ကျဆုံးရေးအတွက် ဆက်လက်ပြီး ဆန့်ကျင်ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း လည်း သိရသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...