RCSS နှင့် TNLA တိုက်ပွဲကြောင့် ကျောက်မဲတွင် စစ်ရှောင် ၁၀၀၀ ခန့် ရောက်ရှိ

RCSS နှင့် TNLA တိုက်ပွဲကြောင့် ကျောက်မဲတွင် စစ်ရှောင် ၁၀၀၀ ခန့် ရောက်ရှိ

နန်းဆိုင်ဖူး — သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်း တိုင်းရင်းသာ လက်နက်ကိုင် အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် ၁၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။

ထိုစစ်ဘေးရှောင်များသည် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)တို့ ဒီဇင်ဘာ ၂၅ ရက်မှ စတင်ကာဖြစ်ပွားသည့် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများဖြစ်သည်။

“ ကျောက်မဲမြို့ပေါ်မှာ စစ်ဘေးရှောင် ၁၀၀၀ခန့်ရှိပြီ၊ ဒီနေ့ ဖြစ်ပွားတဲ့ တိုက်ပွဲမှာလည်းရွာသားတွေ ကျေးရွာအတွင်းမှာ ပိတ်မိနေသေးတယ်။ နှစ်ဖက်တပ်စစ်ရေးက တင်းမာနေသေးတယ်” ဟု ကျောက်မဲမြို့ စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဦးတင်မောင်သိန်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

RCSS/SSA နှင့် TNLA တို့ ယနေ့ချိန်ထိ စစ်ရေးတင်းမာမှုရှိနေကြပြီး ကျောက်မဲမြို့နယ်တွင် စစ်ရှောင်များ (၁၀၀၀) ခန့်ရှိပြီး နမ္မတူမြို့နယ် မန်စံကျေးရွာတွင် စစ်ရှောင် (၇၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

“ဇန်နဝါရီ ၂ ရက်နေ့က ပန်ချင်ကျေးရွာမှာ တစ်ဖက်ပစ်အသံကြားရတဲ့အတွက် စစ်ရှောင် (၇၃) ဦး မန်စံဘုန်းကြီးကျောင်းမှာ ရောက်ရှိလာပါတယ်” ဟု နမ္မတူမြို့နယ် မန်စံကျေးရွာ စစ်ရှောင်များကို ကူညီပေးနေသည့် စေတနာ့ဝန်ထမ်း ပါ့ခမ်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၂ဖွဲ့ သည် စစ်ရေး တင်းမာနေပြီး လက်ရှိမှာ ကျောက်မဲမြို့နယ် အတွင်း တိုက်ပွဲများပြင်းထန်နေဆဲဖြစ်သဖြင့် စစ်ရှောင်များထပ်မံရောက်လာနိုင်ကြောင်းလည်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့်သူများက ပြောသည်။

“ တိုက်ပွဲက ဒီနေ့ထိ ဖြစ်နေသေးတယ်။ တချို့ ကျေးရွာတွေ ပိတ်မိနေသေးတယ်။ ဆင်းမလာသေး တာတွေရှိတယ်။ စစ်ရှောင်တွေထပ်တိုးလာဖို့ရှိတယ်” ဟု ဦးတင်မောင်းသိန်း က ထပ်လောင်းပြောသည်။

လက်ရှိမှာ စစ်ဘေးရှောင်များအတွက် အစားအသောက် အဆင်ပြေနေသေးသော်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်ပါက စစ်ဘေးရှောင်များအတွက် စားဝတ်နေရေးခက်ခဲနိုင်ကြောင်းလည်း စစ်ဘေးရှောင်များကို ကူညီနေသူများက ပြောဆိုလိုက်သည်။

RCSS/SSAနှင့် TNLAတို့ ကြားဖြစ်ပွားသည့်တိုက်ပွဲကြောင့် အမျိုးသားတဦး ကျည်ထိမှန်သေဆုံးခဲ့ပြီးကိုယ်ဝန်သည် အမျိုးသမီး တဦး အပါအဝင် အမျိုးသမီး ၂ဦး နှင့် အမျိုးသားတဦး ကျည်ထိမှန်ခဲ့ကြောင်းသိရသည်။

ထို့ပြင် တိုက်ပွဲကြောင့် အရပ်သားနေအိမ်နှင့် ကျေးရွာ ဘုန်းကြီးကျောင်းလည်း ကျည်ထိမှန် ပျက်စီးခဲ့ကြောင်းသိရသည်။

May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...