နမ္မတူမြို့နယ်ရှိ စစ်ရှောင်များ နေရပ်မပြန်နိုင်သေး

နမ္မတူမြို့နယ်ရှိ စစ်ရှောင်များ နေရပ်မပြန်နိုင်သေး
ဓာတ်ပုံ US SA (Facebook ) /နမ္မတူ မြို့နယ်ရှိ စစ်ဘေးရှောင်များပုံ
ဓာတ်ပုံ US SA (Facebook ) /နမ္မတူ မြို့နယ်ရှိ စစ်ဘေးရှောင်များပုံ

နန်းဆိုင်ဖူး — သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်ဘေးရှောင် (၁၀၀)ကျော်ကျန်ရှိနေသေးကြောင်း စုံစမ်းသိရှိရသည်။

ဒီဇင်ဘာ (၁၇) ရက် နေ့လည်ပိုင်းက ပစ်ခတ်မှု ငြိမ်နေသဖြင့် စစ်ဘေးရှောင်များ နေရပ်ကို ပြန်သွားကာ နာရီပိုင်းအကြာတွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော်(RCSS/SSA)နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ တိုက်ပွဲပြန်ဖြစ်ပွားမှုကြောင့် နှစ်ကျော့ပြန် စစ်ပြန်ရှောင်လာခဲ့ရသူများဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိမှာ တိုက်ပွဲများ ငြိမ်းသက်နေသော်လည်း ယနေ့အချိန်ထိ မန်စံ ရွှေစကားဝါဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်ပြည်သူ (၁၀၀)ကျော် ရှိနေသေးကြောင်း နမ္မတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းခမ်းအေး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့ မန်စံမှာက (၁၀၀)ကျော်ရှိသေးတယ်။ ပန်ချင်တော့ မသိရသေးဘူး။စာရင်းတွေ လုပ်နေတုန်းမလို့။ မနေ့တော့ များတယ်။ ဒီနေ့က ပြန်သွားတဲ့သူတွေရှိတော့ စာရင်းတွေ ပြန်လုပ်နေတာ” ဟု နန်းခမ်းအေး က ပြောသည်။

နမ္မတူမြို့နယ်တွင်း စစ်ဘေးရှောင်များ စခန်း (၂) နေရာ ထားရှိပြီး ထို ၂ နေရာသည် မန်စံရွှေစကားဝါဘုန်းကြီးကျောင်း နှင့် ပန်ချင်ဘုန်းကြီးကျောင်းတို့ဖြစ်ကြောင်း သိရသည်။

“စစ်ပွဲတော့ မဖြစ်တော့ဘူး။TNLA တွေ ဆုတ်သွားပေမယ့် ပြန်လည်လှုပ်ရှားလာတာတွေရှိတယ်။ ဒေသခံတွေ စိုးရိမ်စိတ်တွေ ရှိနေသေးလို့ မပြန်ရဲကြသေးဘူး” RCSS ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးခမ်းစံ ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

တိုက်ပွဲများ ငြိမ်သက်သွားပေမယ့် ဒေသခံပြည်သူများ တိုက်ပွဲပြန်လည်ဖြစ်မည်ကို စိုးရိမ်ကြကြောင်း ဒေသခံများက ပြောဆိုကြသည်။

“တိုက်ပွဲတွေ ငြိမ်နေရင် ပြန်သွားလိုက်။ ပြန်ဖြစ်ရင် ပြန်ပြေးလာလိုက်တယ်။ ပြောလို့တော့မရဘူး။ နှစ်ဖက်စစ်အင်အားတွေ ဖြည့်နေတယ်လို့ကြားတယ်” ဟု နမ္မတူဒေသခံ တစ်ဦးက ပြောသည်။

နမ္မတူမြို့နယ် အတွင်း ဒီဇင်ဘာ ၉ ရက်မှ စတင်ကာ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကိုယ်ဝန်သည် အမျိုးသမီး တဦး အပါအဝင် အမျိုးသမီး ၃ဦး နှင့် အမျိုးသား ၁ဦး ကျည်ထိမှန်ခဲ့ရကြောင်းသိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...