အစိုးရတပ် အရာရှိ ၂ဦးကို RCSS/SSA မှ ဖမ်းဆီး၊ ရိုက်နှက်ဟု တပ်မတော်ထုတ်ပြန်

အစိုးရတပ် အရာရှိ ၂ဦးကို RCSS/SSA မှ ဖမ်းဆီး၊ ရိုက်နှက်ဟု တပ်မတော်ထုတ်ပြန်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တောင်ရှည်ကျေးရွာအနီးတွင် အစိုးရ တပ်မတော်သား ၂ဦးကို RCSS/SSA မှ ဖမ်းဆီးခေါ်ဆောင်ခဲ့သည် ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေး က ထုတ်ပြန်လိုက်သည်။

အောက်တိုဘာ ၆ ရက် က သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) မှ အစိုးရတပ်မတော် ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အောက်တိုဘာ ၂၂ရက်မှသာ ပြန်လည် ပို့ဆောင်ပေးခဲ့သည်ဟု အောက်တိုဘာလ ၂၄ ရက် ညနေပိုင်းက တပ်မတော် သတင်းမှန် ပြန်ကြားရေးမှ သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က “ ဒီသတင်း ကျနော် မကြားသိရသေးဘူး။ ကျနော့်ဆီမရောက်ရှိလာသေးဘူး” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုရက်ပိုင်း အစိုးရတပ်မတော်ဘက်မှ RCSS/SSA ကို မဟုတ်မမှန် သတင်းထုတ်ပြန်ခဲ့သည့်အပေါ်တွေ့ရှိကြောင်း၊ တပ်မတော်အနေဖြင့် အမှန်တကယ် ငြိမ်းချမ်းရေး လိုလားပါက ယခုကဲ့သို့ မလုပ်သင့်ကြောင်းလည်း ဒုဗိုလ်မှူးကြီး အုမ်ခေး ကဆိုသည်။

ထို့အပြင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် RCSS/SSA အဖွဲ့တို့သည် ၂၀၁၂ ဇန်နဝါရီ နှင့် မေလ ကျိုင်းတုံမြို့ တွေ့ဆုံပွဲတွင် နှစ်ဘက် သဘောတူညီချက်အရ RCSS/SSA အဖွဲ့ မှ ဟိုမိန်း နှင့် မုံးထား နယ်မြေ သို့ ကျော်လွန် လှုပ်ရှားခြင်းမပြုရန် သတ်မှတ်ခဲ့ကြောင်းလည်း တပ်မတော် သတင်းမှန် ပြန်ကြားရေးထုတ်ပြန်ချက်တွင် ရေးထားသည်။

“ ကျနော်တို့ နယ်မြေ သတ်မှတ်ချက်တွေ သဘောတူညီခဲ့တာ ဘာမှမရှိခဲ့ဘူး။ အကြောင်းတခုမဟုတ်တခု ရှာပြီး ပြောလေ့ရှိတယ်။ ကျနော်တို့လည်း အခု အခြေအနေ စောင့်ကြည့်နေတယ်” ဟု ဒုဗိုလ်မှူးကြီး အုမ်ခေး က ထပ်လောင်းပြောသည်။

လက်ရှိ သျှမ်းပြည်မြောက်ပိုင်းကျောက်မဲမြို့နယ် အတွင်း အစိုးရ တပ်မတော်နှင့် RCSS/SSAတို့သည် ပစ်ခတ်တိုက်ခတ်မှု မရှိသော်လည်း စစ်ရေး တင်းမာနေဆဲ ဟုလည်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ စစ်ရေးကတော့ တင်းမာနေတယ်။ တပ်တွေ မဆုတ်ကြသေးဘူး” ဟု ၎င်း က ပြောသည်။

တိုက်ပွဲများဖြစ်ပွားမှု နယ်မြေ မတည်ငြိမ်မှုကြောင့် ကျောက်မဲမြို့နယ် အတွင်း ကျေးရွာ အုပ်စု (၁၂) အုပ်စု ရွေးကောက်ပွဲ မကျင်းပရန်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၁၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထိုရွေးကောက်ပွဲ ကျင်းပနိုင်ရေး သည် အစိုးရတပ်မတော်ပေါ် မူတည်ကြောင်း၊ အစိုးရ တပ်မတော် တပ်ဆုတ်ပြီး တိုက်ပွဲ မဖန်တီးပါက ရွေးကောက်ပွဲကို အေးချမ်းစွာ ကျင်းပနိုင်ကြောင်းလည်း သျှမ်းမြောက်အတွင်း လှုပ်ရှားနေသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များက ပြောဆိုလိုက်သည်။

May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...