ငြိမ်းချမ်းရေးနှင့် နိုင်ငံသားအခွင့်အရေးရရှိရေး ကျောက်မဲစစ်ဒဏ်သင့်လူငယ်နှင့်ရပ်မိရပ်ဖများ တောင်းဆို

ငြိမ်းချမ်းရေးနှင့် နိုင်ငံသားအခွင့်အရေးရရှိရေး ကျောက်မဲစစ်ဒဏ်သင့်လူငယ်နှင့်ရပ်မိရပ်ဖများ တောင်းဆို

ဒေသခံလူထု ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးနှင့်နိုင်ငံသားအခွင့်အရေးအပြည့်အ၀ ရရှိရေးအတွက် စစ်မြေပြင်အတွင်းနေထိုင်သည့် လူငယ်များနှင့် ရပ်မိရပ်ဖ များက ကျန်းမာရေးဌာန ထုတ်ပြန်ချက်နှင့်အညီ  ငြိမ်းချမ်းစွာ တောင်းဆိုလိုက်သည်။

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ တိုက်ပွဲကြောင့် စစ်ဘေးရှောင်လူထု ၁၀၀၀ ခန့်ခိုလှုံခဲ့သည့် ပုံ၀ိုးဘုန်းကြီးကျောင်းတွင် (စစ်ရှောင်များနေရပ်ပြန်ကြပြီးနောက် ) အောက်တိုဘာ ၂၂ ရက်က ကျောက်မဲလူငယ်များနှင့်ရပ်မိရပ်ဖများတွေ့ဆုံကာ Silent Campaign လုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ မနက် ၁၀ နာရီခွဲကနေ ၁၁ နာရီခွဲလောက်အထိ အဲ့မှာ လူ ၃၀ လောက်တွေ့ဆုံပြီးတော့ တိုက်ပွဲတွေ အလိုမရှိတော့တဲ့အကြောင်း၊  ရွေးကောက်ပွဲမကျင်းပရ နယ်မြေလို့သတ်မှတ်ကြေညာ တာကြောင့် နိုင်ငံသားမှတ်ပုံတင်ကိုင်ထားတဲ့ ကျနော်တို့ရွာသားတွေ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတဲ့အကြောင်း ဆန္ဒအစစ်အမှန်ကိုပွင့်ပွင့်လင်းလင်းဆွေးနွေးကြတယ်။ ပြီးတော့ စာရွက်ကြီးအပေါ်ရေးချပြီးတော့ အဲဒီမှာ Silent Campaign လုပ်ကြတာဖြစ်ပါတယ်။ ” ဟု ကျောက်မဲလူငယ်တဉီးဖြစ်သော စိုင်းစွမ်မိန်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။

စစ်ဘေးစစ်ဒဏ်ခံရသည့် ကျောက်မဲမြို့နယ် ပုံဝိုးအုပ်စု၊ နောင်ဆင်အုပ်စု၊ နမ့်မဟင်အုပ်စု ၊ခန်ခိုင်းအုပ်စုနှင့် ကုန်းစုံအုပ်စုမှ လူငယ်များနှင့် ပုံ၀ိုးအုပ်စုအနီး၀ိုက်ရှိရပ်မိရပ်ဖများသည် ငြိမ်းချမ်းရေးနှင့်အခွင့်အရေး ဆွေးနွေးပွဲသို့တက်ရောက်ခဲ့ကြပြီး  – “ငါတို့အားလုံးကို လုံလုံခြုံခြုံနဲ့အသက်ရှင် ရပ်တည်ခွင့်ပေးပါ” “ငါတို့လိုချင်တာက ငြိမ်းချမ်းမှုနဲ့တရားမျှတမှု၊ ကျည်ဆံတွေ မလိုချင်ဘူး” “ ကျနော်တို့ပြည်သူတွေလည်း တခြားသူတွေလို မဲပေးချင်တယ်” “ကျွန်ုပ်တို့ကို စာနာနားလည်စွာ ကူညီထောက်ပံ့ပေးကြသော မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ” အစရှိ ဆန္ဒရင်းမှန်များရေးသားထားသော စာရွက်များကိုင်ဆောင်ကာ ငြိမ်သက်စွာဖြင့် ၁၀ မိနစ်ခန့်အကြာ ရပ်တန့်ခဲ့ကြကြောင်း ဆိုပါသည်။

“တိုက်ပွဲငြိမ်သွားတုန်း ကျနော်တို့ တိုက်ပွဲကြောင့် ထိခိုက်နစ်နာဒဏ်ရာရသူတွေ သေကြေခဲ့ရသူတွေအတွက် ဆုတောင်းပေးတယ်။ ပြီးတော့ ကျနော်တို့ရွာသားတွေလည်း တခြားနိုင်ငံသားများနည်းတူ တန်းတူညီတူ အခွင့်အရေးတွေရသင့်တယ်ဆိုတဲ့ ဆန္ဒအစစ်အမှန်ကိုဖော်ထုတ် ခဲ့တာဖြစ်ပါတယ်။ အဓိကကတော့ ရွာသားတွေကတော့ ငြိမ်းချမ်းရေးအမှန်လိုချင်ကြတယ်။   ” – ဟုလည်းစိုင်းစွမ်မိန်းက ဖြည့်စွက်ပြောဆိုသည်။



ကျောက်မဲမြို့ ပုံဝိုးအုပ်စု နောင်ဆင်မ်ရွာသည် ရွေးကောက်ပွဲမကျင်းပနယ်မြေ အထဲတွင်ပါ၀င်ပါ သည်။ မိမိတို့ရွာသားများအရေးဆောင်ရွက်ပေးမည့် ကိုယ်စားလှယ်ကိုရွေးခြယ်ရန်အခွင့် မရှိတော့သည့်အပေါ် ရွာသားများ မကျေမနပ်ဖြစ်ကြရကြောင်း Silent Campaign တွင်ပါ၀င်လာသူ နောင်ဆင်ဒေသခံများကပြောဆိုနေကြသည်။

“အခုလို ရွေးကောက်ပွဲမကျင်းပနဲ့နယ်မြေအဖြစ် ကြေညာလိုက်တာဟာ နိုင်ငံသားအခွင့်အရေးသာမက လူသားတယောက်ရဲ့အခွင့်အရေးအထိပါ ချိုးဖောက်ခံရတာဖြစ်တယ်။ ဒီချိုးဖောက်ခံရမှုတွေကို ကိုယ်တိုင်ထပြီး ကြိုးစားဆောင်ရွက်မှသာ ကျနော်တို့လိုချင်တဲ့ ငြိမ်းချမ်းရေးအခွင့်အရေးမျှော်လင့်ချက်ရောင်ခြည်ကိုရရှိမှာဖြစ်ပါတယ်။ဒါကြောင့်ကျနော်တို့  လိုဘဲ အခွင့်အရေးပိတ်ပင်ခံရတဲ့ လူငယ်အားလုံးကို မိမိတို့နိုင်ငံသားအခွင့်အရေးအတွက် ရဲရဲ၀ံ့၀ံ့ထပြီးဆောင်ရွက်ဖို့တိုက်တွန်းချင်ပါတယ်။” – ဟု လည်း စိုင်းစွမ်မိန်းက ပြောဆိုလိုက်သည်။

အဆိုပါဒေသသည် အောက်တိုဘာလ ၂ ရက်နေ့ကစပြီး ၁၃ ရက်နေ့အထိ NCA လက်မှတ်ထိုးသည့် RCSS/SSA အားအစိုးရတပ်မတော်ကထိုးစစ်ဆင်သဖြင့် စစ်ဘေးရှောင် ၄၀၀၀ ထက်မနည်း ရှိခဲ့ပါသည်။

အောက်တိုဘာလ ၁၆ ရက်နေ့တွင်ပစ်ခတ်တိုက်ခိုက်သံများငြိမ်သွားပြီဖြစ်သဖြင့် ဘုန်းကြီးကျောင်းများတွင်ခိုလှုံနေသော စစ်ရှောင်ရွာသားများနေရပ်အသီးသီးပြန်သွားကြပြီဖြစ် သည်။

သို့သော် ရွာများအတွင်း အစိုးရစစ်သားများ နေထိုင်လှုပ်ရှားနေဆဲဖြစ်သည့်အပြင်   မပေါက်ကွဲသေးသည့်လက်နက်ကြီးများ ၊ မိုင်းများ ရှိနေသေးသဖြင့်  အကြောက်တရားနှင့်လွတ်လပ်မှုကင်းမဲ့သည့်အခြေအနေကြား နေထိုင်နေကြောင်း ရွာသားများပြောပြချက်အရသိရသည်။ 

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...