ဒေသခံတွေနဲ့ မညှိနှိုင်းဘဲ သဘာဝသစ်တော ဆိုင်းဘုတ်စိုက်ထူမှု ဒေသခံနဲ့ သစ်တောဦးစီးဌာနအကြား နားလည်မှု လွဲ

ဒေသခံတွေနဲ့ မညှိနှိုင်းဘဲ သဘာဝသစ်တော ဆိုင်းဘုတ်စိုက်ထူမှု ဒေသခံနဲ့ သစ်တောဦးစီးဌာနအကြား နားလည်မှု လွဲ

စိုးထိုက်အောင် - ဒေသခံတွေကို အသိမပေးဘဲ ပြည်နယ်အစိုးရအစီအစဉ်နဲ့ သစ်တောဦးစီးဌာနက သဘာဝတောများ ပိုမိုကောင်းမွန်စေရန် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်း (၁၀၀) ဧကအဖြစ် ဆိုင်းဘုတ်ထောင်လိုက်တဲ့အပေါ်မှာ ဒေသခံတွေ မကျေမနပ် ဖြစ်နေကြပါတယ်။

ဒေသခံတွေကတော့ ဆိုင်းဘုတ်မှာ လောကျေခူ ကျေးရွာရဲ့ အစုအဖွဲ့ပိုင် သစ်တောအဖြစ် ရေးသားစေလိုပေမဲ့ လာထောင်တဲ့ ဆိုင်းဘုတ်မှာ ကျေးရွာပိုင်ကြောင်း မပါလာပါဘူး။

လောကျေးခူကျေးရွာနေ ဦးပကူးက “ ဒီ ဆိုင်းဘုတ်နဲ့ပတ်သက်ပြီးတော့ အစကတည်းက ကျွန်တော် သူ့ကို ပြောတယ်။ ဒီ ဆိုင်းဘုတ်ကို ကျွန်တော်တို့ကို လောကျေးခူကျေးရွာပိုင်၊ အစုအဖွဲ့ပိုင်သစ်တောနဲ့ သိစေချင်တာပေါ့နော်။ ကျွန်တော် သူ့ကို ပြောတယ်၊ ရတယ်၊ ထည့်ပေးမယ်တဲ့။ ဆိုင်းဘုတ် လာထောင်တဲ့ ရက်ကျရင် ပြည်သူလူထုနဲ့ ကျွန်တော်တို့ ပူးပေါင်းပြီး သွားထောင်မယ်လို့ ပြောတယ်။ နောက် အခုက သူ သွားထောင်တဲ့ ဆိုင်းဘုတ်လည်း ကျွန်တော်တို့ ပြည်သူလူထုက မသိဘူး၊ သွား ထောင်တဲ့ နေ့ရက်လည်း ကျွန်တော်တို့ မသိဘူး၊ နောက် အဲဒီဆိုင်းဘုတ်ကို သွားကြည့်လည်း ကျွန်တော်တို့ လောကျေးခူကျေးရွာနာမည်လည်း မပါဘူး”လို့ ပြောပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး သစ်တောဦးစီးဌာနကို ကန္တာရဝတီတိုင်း(မ်)က မေးမြန်းရာမှာတော့ “ ဒါကလည်း ကျွန်တော်တို့ဘက်က မညှိနှိုင်း၊ မခေါ်လိုက်ဘူး ဖြစ်သွားတာပေါ့နော်။ အဲဒီနေ့က ကျွန်တော်တို့ ချက်ခြင်း ထောင်လိုက်ရ၊ အရေးတကြီး ထောင်လိုက်ရလို့ အဲဒီလို ဖြစ်သွားတာပေါ့နော်။ အဲဒီအတွက်လည်း ကျွန်တော် တောင်းပန်ထားပါတယ်။ ရွာကိုလည်း ကျွန်တော်တို့ တနင်္ဂနွေနေ့က ကျွန်တော် သွားပြီးတော့ ကျေကျေလည်လည်ကို ကျွန်တော် သေသေချာချာ တောင်းပန်ခဲ့ပါတယ်။ ဒါကိုလည်း ပြန်ဖြုတ်ဖို့အတွက် ကျွန်တော် အမိန့်ပေးထားပြီးပါပြီ၊ ကျွန်တော်တို့ ဝန်ထမ်းတွေကို” လို့ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ် သစ်တောဦးစီးဌာနမှူး ဦးစွမ်းထက်ကိုက ပြောပါတယ်။

ဒေသခံတွေနဲ့ သစ်တောဦးစီးဌာနတို့ မတ်လ ၁၇ရက်နေ့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပေမဲ့ ဒေသခံတွေဘက်က အားရကျေနပ်မှု မရရှိသေးဘူးလို့ သိရပါတယ်။

အဲဒီဆွေးနွေးပွဲ မှာ ဒေသခံတွေ တောင်းဆိုတဲ့ ဆိုင်းဘုတ်ကို ယူဆောင်လာခဲ့ပေမဲ့လည်း သစ်တောဦးစီးဌာနကနေ ဒေသခံတွေကို သစ်တောလွှဲအပ်ကြောင်းစာ မပါတဲ့အတွက် ဒေသခံတွေက လက်မခံသေးဘူးလို့ သိရပါတယ်။

“ဟိုတစ်ရက် ဆွေးနွေးထားတဲ့ဟာကျတော့ ဆိုင်းဘုတ်နဲ့ လွှဲစာ တစ်ခါတည်း ယူလာပေးမှသာလျှင် ကျွန်တော်တို့ အတူတူ သွားစိုက်ကြမယ်၊ သို့မဟုတ်ရင် လွှဲစာမပါရင် ကျွန်တော်တို့ လက်မခံဘူးနော်၊ ပြောတော့ အခုက လွှဲစာမပါဘူး ဖြစ်နေလို့ ကျွန်တော်တို့က လက်မခံဘူး ဖြစ်နေတယ်” လို့ လောကျေးခူကျေးရွာ၊ ဒေါကလော်လဲရပ်ကွက်မှာ နေထိုင်တဲ့ ဦးအယ်ထူးက ပြောပါတယ်။

သစ်တောဦးစီးဌာနအနေနဲ့ လွှဲစာ ပြုလုပ်ပေးဖို့အတွက် အဆင့်(၅)ဆင့်ဖြင့် လုပ်ဆောင်ပြီး ဒေသခံတွေ တောင်းဆိုတဲ့အတိုင်း ကျေးရွာအစုအဖွဲ့ပိုင် သစ်တောအဖြစ် လွှဲအပ်စာ ပြုလုပ် ပေးအပ်သွားမယ်လို့ သိရပါတယ်။

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...