စိုးထိုက်အောင်၊ အန်ထောနီ - ကယား(ကရင်နီ)ပြည်နယ်မှာ တခြားတိုင်းရင်းသားကျန်းမာရေးဌာနအဖွဲ့အစည်းတွေနဲ့ အတူတူ ဖယ်ဒရယ်ကျန်းမာရေးစနစ်ကို ဆောင်ရွက်နေပြီဖြစ်တယ်လို့ ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီမှ စေတနာ့ ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ကျမတို့ ဖယ်ဒရယ် Health System ကို ကျမတို့ သွားဖို့လုပ်နေတယ်လေ။ ဒီအချိန် တစ်ချိန်တည်းမှာပဲ ကိုယ့်ပြည်နယ်လည်း ကိုယ်က ကျန်းမာရေးကဏ္ဍတွေ အားလုံး ပါဝင်သလို တခြားသော တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းနဲ့လည်း ကျမတို့ အလုပ် အတူတူ တွဲလုပ်တယ်ပေါ့နော်” လို့ သူမက ပြောပါတယ်။
ဖယ်ဒရယ်ကျန်းမာရေးဝါဒဆိုတာက အစိုးရက လူထု ပါဝင်ဆုံးဖြတ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေ ဖြစ်ပါတယ်။ ဖယ်ဒရယ်မူ ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ခြင်းဆိုတာက အစိုးရအဆင့်ဆင့်အလိုက် တာဝန်ယူ၊ တာဝန်ခံခြင်းပဲ ဖြစ်ပါတယ်။
ဒါတွေကိုတော့ လက်တွေ့မှာ အစိုးရက မလုပ်နိုင်သေးတာကြောင့်လည်း ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီအဖွဲ့ကနေပြီး တခြား ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွေ ဆောင်ရွက်ရင်း ဖက်ဒရယ် ကျန်းမာရေးမူဝါဒတွေ သွားနေတာဖြစ်တယ်လို့ ဆိုပါတယ်။
ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီအနေနဲ့ ခွဲစိတ်ရတဲ့ လူနာကလွဲပြီး ကျန်းမာရေးဝန်ဆောင်မှုတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ကူးစက်ရောဂါတွေ ကုသပေးနေတယ်လို့ ဆိုပါတယ်။
တစ်ရွာဝင်တစ်ရွာထွက် နယ်လှည့်ပြီးတော့ လူနာတွေကို လိုက်လံကုသပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။ ပြည်နယ်အတွင်းမှာတော့ ဆေးခန်း ၁၄ ခု ရှိပြီးတော့ နယ်လှည့်တဲ့အဖွဲ့ ၂၀ ရှိပါတယ်။
တခြားမိခင်နဲ့ ကလေးကျန်းမာရေးစောင့်ရှောက်မှုတွေအပြင် ရောဂါကာကွယ်ရေးအပိုင်းဖြစ်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ရေနဲ့ အိိိမ်သာတွေလည်း ဆောင်ရွက်လျက်ရှိပါတယ်။
အဓိက အစိုးရလက်လှမ်းမမှီတဲ့ ကျေးလက်တွေဘက်ကို ဆောင်ရွက်ပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဘောလခဲမြို့နယ် ကျေးလက်ဒေသဘက်မှ ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီဝန်ထမ်း ခဲရီတူးက “တကယ့်မြို့ပေါ်မှာ ကားလမ်းဘေးမှာကျတော့ လှုပ်ရှားမှုတော့ သိပ်မရှိဘူး။ အစိုးရတွေ လက်လှမ်းမမှီတဲ့နေရာမှာ အကုန်လုံးကို တာဝန်ယူတယ်ပေါ့” လို့ပြောပါတယ်။
လျှပ်စစ်မီးမရ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာတွေမှာတော့ ကလေးတွေကို ကာကွယ်ဆေးအချိန်မီ ထိုးပေးဖို့တွေက ဆေးတွေ ထားသိုဖို့ ရေခဲတွေ လိုအပ်တာ ဖြစ်တဲ့အတွက် လူငှားပြီး ထမ်းရတာမျိုးတွေ လုပ်ရတယ်လို့ စေတနာ့ဝန်ထမ်းတွေဆီကနေ ကြားသိရပါတယ်။
“သစ်ကိုင်းတွေ ဘာတွေလည်း ကျိုးကျတယ်။ ဒီလိုအခြေအနေမှာ ကျနော်တို့က သွားလာလှုပ်ရှားနေရတယ်။ ဆေးပစ္စည်းနဲ့ပတ်သက်ပြီးတော့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အတွက်ကြောင့် ကျနော်တို့ သယ်ယူပို့ဆောင်တဲ့နေရာမှာ အခက်အခဲရှိတယ်”လို့ ကရင်နီနယ်လှည့်ကျန်းမာရေးကော်မတီမှ ဖားဆောင်းမြို့နယ် မောချီးဒေသ နယ်စွန်နယ်ဖျားဘက်မှာ တာဝန်ရှိသူ supervisor မောင်ဦးက သူ့ရဲ့ အတွေ့အကြုံကို ပြောပါတယ်။
ဖားဆောင်းမြို့နယ်ဘက်က ကရင်ပြည်နယ် နယ်စပ်နဲ့နီးတဲ့ ကိုတိုးခီး၊ ကွားခီးလိုကျေးရွာတွေမှာဆိုရင် ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီ ဆေးခန်း ၃ ခု ထားပြီးတော့ အခြေခံ ကျန်းမာရေးလုပ်ငန်းတွေ ကိုယ်ဝန်ဆောင်မိခင်နဲ့ ၅ နှစ်အောက် ကလေးငယ်တွေကို အထူးပြုစုစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေတယ်လို့ဆိုပါတယ်။
“ကျနော် တာဝန်ကျနေတဲ့နေရာမှာဆိုရင် အစိုးရကျန်းမာရေးဌာနတော့ လုံးဝမရှိဘူးပေါနော။ ကျနော်တို့ ဒီအဖွဲ့တစ်ဖွဲ့ပဲ ရှိပါတယ်။ အစိုးရကို တောင်းဆိုချင်တာတော့ အများကြီးပေါ့။ ဒါပေမယ့်လည်း ပူးပေါင်းပါဝင်မှုအဓိကပေါ့နော်” လို့ မောင်ဦးက ပြောပါတယ်။
အစိုးရဌာနဆိုင်ရာတွေနဲ့ကတော့ ကာကွယ်ဆေးလုပ်ငန်းတွေအပိုင်းမှာ ချိတ်ဆက်ဆောင်ရွက်မှု ရှိတယ်လို့ သိရပါတယ်။ တခြား ကျန်းမာရေးဝန်ဆောင်မှုတွေ ပြုလုပ်တဲ့ နှီးနှောဖလှယ်ပွဲတွေ စတာတွေလည်း အစိုးရဌာနဆိုင်ရာတွေနဲ့ ချိတ်ဆက်ပူးပေါင်းလျက်ရှိတယ်လို့ သိရပါတယ်။
ရောဂါကာကွယ်ရေးလုပ်ငန်းကိုတော့ အစိုးရဘက်က မသွားနိုင်တဲ့ ရှားတောမြို့နယ်နဲ့ ဖားဆောင်းမြို့နယ်ထဲက ကျေးလက်တွေကို ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
အခုလို အစိုးရကျန်းမာရေးဌာနဆိုင်ရာတွေဘက်က လက်လှမ်းမမီတဲ့ ကျေးရွာ ၂၄၀ ကျော်ကို ကယား(ကရင်နီ)တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ စေတနာ့ဝန်ထမ်း အယောက် ၂၀၀ လောက်ကနေပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။







