မော်ဦးမြာ — ဒီးမောဆိုမြို့နယ် ဒေါတမကြီးကျေးရွာမှ ပွန်ချောင်းသို့ ဖောက်လုပ်နေတဲ့ လယ်ယာကုန်ထုတ်လမ်းကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က တားမြစ်လိုက်တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်(ခ)စဲရယ်က ပြောပါတယ်။
“ဆောက်လက်စ၊ လုပ်လက်စလေ။ လောလောဆယ်က KNPP က မြို့နယ်အဖွဲ့အစည်းကနေပြီးတော့မှ ခဏ ရပ်ဆိုင်းပေးပါ၊ ဗဟိုကနေ ပိတ်ပင်ခိုင်းလို့ ကျွန်တော်တို့က ခဏ ရပ်ဆိုင်းခိုင်းတယ်။ သက်ဆိုင်ရာဗဟိုကနေပြီးတော့ တွေ့ဆုံညှိနှိုင်းပြီးတော့မှ ပြန်လည်အကြောင်းပြန်မယ်ပေါ့။ ဆက်လုပ်ရမလား၊ မလုပ်ရဘူးလား ဆိုတာကို သူတို့ ဗဟိုအဖွဲ့ကနေပြီးတော့ ဆက်မေးရင်လည်း ကျွန်တော်တို့ ဘာမှ ဖြေစရာ မရှိဘူးဆိုပြီးတော့ လာပြောလို့ပါ” လို့ သူက ပြောပါတယ်။
လမ်းဖောက်လုပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဝန်ကြီးချုပ်ခရီးစဉ်မှာ ဒေါတမကြီးအုပ်စုမှ ဒေသခံများ တင်ပြတောင်းဆိုထားတဲ့အပြင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်(ခ) စဲရယ်ကလည်း ပြည်နယ်လွှတ်တော်မှာ တင်ပြတောင်းဆိုထားတယ်လို့ သိရပါတယ်။ယခုလက်ရှိတွင် အနည်းငယ်သာ ဆောက်လုပ်ပြီးစီးနေပြီး ဆောက်လုပ်နေချိန်မှာပဲ လာရောက်တားမြစ်တာ ဖြစ်တယ်လို့ ဦးသိန်းအောင်(ခ) စဲရယ်က ပြောပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဗဟိုအလုပ်အမှုဆောင်ကော်မတီ ခူးထဲဘူးက ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ပါက ၎င်းတို့နဲ့ တိုင်ပင်ဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ ပြည်နယ်အစိုးရအနေနဲ့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးအချက်ပါ သဘောတူညီချက်ကို လေးစားလိုက်နာခြင်း မရှိတဲ့အတွက် တားမြစ်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပြီး ခွင့်ပြုသင့်၊ မသင့်ကို ပြန်လည်ဆွေးနွေးသွားမယ်လို့လည်း ပြောပါတယ်။
“ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်ပဲပေ့ါ။ မူအရရယ်၊ နောက်ပြီးတော့ လူထုက အမှန်တကယ် လိုအပ်ကြောင်းပေါ့။ နောက်ပြီး ကျွန်တော်တို့ကလည်း စုံစမ်းစစ်ဆေးရေး ဝင်မှာပေ့ါ၊ ဆိုတော့ တကယ် လိုအပ်ရင်တော့ ပူးပေါင်းဆောင်ရွက်ပြီးတော့မှ ခွင့်ပြုရင်လည်း ပြုရမယ်။ သို့သော် ဒါတွေက အာမခံချက်တော့ ပေးရမယ်ပေါ့နော” လို့ ခူးထဲဘူးက ပြောပါတယ်။
ပြည်နယ်အစိုးရအနေနဲ့ နှစ်ဖက်သဘောတူညီချက်တွေကို လေးစားလိုက်နာပေးဖို့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ စတင် ချုပ်ဆိုခဲ့တဲ့ နေ့ကစပြီး ပြောဆိုခဲ့သလို အစည်းအဝေး၊ တွေ့ဆုံညှိနှိုင်းမှုတွေမှာလည်း တင်ပြတောင်းဆိုခဲ့ပေမဲ့ ယနေ့အချိန်ထိ လိုက်နာမှု မရှိဘူးလို့ ခူးထဲဘူးက ဆက်ပြောပါတယ်။
၎င်းလမ်းဟာ ဒေါတမကြီးကျေးရွာအုပ်စုအတွင်းက ဒေသခံများအတွက် သီးနှံပေါ်ချိန် မိုးတွင်းကာလမှာ သယ်ယူပို့ဆောင်ဖို့အတွက် လိုအပ်တယ်လို့ ဒေါတကြီးကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
“ ကျွန်တော်တို့က ပွန်ချောင်းနားတစ်ဝိုက်မှာ နှမ်းတွေ စိုက်တယ်လေ။ နှမ်းထွက်ချိန်ဆို မိုးရာသီပဲ ရှိသေးတယ်။ သယ်ဖို့ သွားလာဖို့ အရမ်းခက်ခဲတယ်။ ဒီလမ်းကိုတော့ ကျွန်တော်တို့ ဆက်ပြီး လုပ်သွားစေချင်ပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ခွင့်ပြုငွေမှာ သန်းပေါင်း ၂၃၉.၄၆၆ ကျပ်သန်းဖြစ်ပြီး အတိုင်းအတာမှာ (၃/၂.၆၁)မိုင်/(၂၁)ပေဖြစ်ပါတယ်။ လုပ်ငန်းစတင်တဲ့ရက်ကတော့ ဇန်နဝါရီလ ၁၅ ရက်နေ့ ၂၀၂၀ ပြည့်နှစ် ဖြစ်ပြီး ပြီးစီးမည့်ခန့်မှန်းရက်က သြဂုတ်လ ၃၁ ရက် ၂၀၂၀ ပြည့်နှစ်ဖြစ်ပါတယ်။







