NCA လက်မှတ်ရေးထိုးဖို့ ယုံကြည်စိတ်ချရတဲ့ နိုင်ငံရေးအခင်းအကျင်း မရှိသေးဟု KNPP ပြော

NCA လက်မှတ်ရေးထိုးဖို့ ယုံကြည်စိတ်ချရတဲ့ နိုင်ငံရေးအခင်းအကျင်း မရှိသေးဟု KNPP ပြော

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးဖို့ ယုံကြည်စိတ်ချရတဲ့ နိုင်ငံရေးပတ်ဝန်းကျင် အခင်းအကျင်း မရှိသေးဘူးလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က ပြောဆိုလိုက်ပါတယ်။

လက်ရှိအချိန် ကယားပြည်နယ် (ကရင်နီပြည်) မှာ လူထု ကြုံတွေ့နေရတဲ့ ပြဿနာတွေ၊ ကရင်နီလူငယ်အင်အားစုနဲ့ ပြည်နယ်အစိုးရကြားက ပြဿနာတွေ၊ စစ်တပ်နဲ့ တောင်သူတွေကြားက လယ်ယာမြေပြဿနာတွေဟာ အစိုးရနဲ့ KNPP အကြား ယုံကြည်မှုတည်ဆောက်ဖို့ လိုအပ်နေသေးတယ်ဆိုတာကို ပြသနေတာ ဖြစ်တယ်လို့ KNPP အထွေထွေအတွင်းရေးမှူး ရွေမျိုးသန့်က ပြောပါတယ်။

“NCA ထိုးဖို့ဆိုရင် အစိုးရ၊ စစ်တပ်၊ ကျနော်တို့ကြားမှာ ယုံကြည်စိတ်ချမှုတွေ ဖြစ်ပေါ်စေတဲ့ နိုင်ငံရေးပတ်ဝန်းကျင် အခင်းအကျင်းရှိနေရမှာ ဖြစ်သလို ပြည်သူလူထုတွေရဲ့ ဘဝတွေဟာ လုံခြုံအေးချမ်းပြီး စိတ်ကျေနပ်စရာကောင်းတဲ့ အခြေအနေတစ်ရပ်မှာ ရှိနေရမယ်၊ အခု ကျနော်တို့ ပြည်နယ်ရဲ့အနေအထားတွေကို ကြည့်လိုက်ပါ။ အစိုးရနဲ့ လူငယ်တွေ၊ လူထုတွေရဲ့ ပြဿနာတွေ၊ စစ်တပ်နဲ့ လယ်သမားတွေရဲ့ ပြဿနာတွေ ကျနော်တို့နဲ့ အစိုးရကြား ယုံကြည်မှု တည်ဆောက်ရမယ့် ကိစ္စတွေ အများကြီး လုပ်စရာကျန်သေးတယ်၊ သည်ကိစ္စတွေ မဖြေရှင်းဘဲနဲ့ လက်မှတ်ထိုးရင် ပြီးရောဆိုတာမျိုး လုပ်လို့ မရပါဘူး ။ လက်မှတ် ထိုးတယ်ဆိုတာ တဖက်နဲ့ တဖက် ပိုမိုခိုင်မာတဲ့ ယုံကြည်မှုတွေ ရအောင် သဘောတူညီမှုတွေအပေါ်မှာ နှစ်ဖက်က ခိုင်ခိုင်မာမာ ကတိပြုကြတာမျိုး ဖြစ်ပါတယ်၊ သည်တော့ ပြည်နယ်မှာ လတ်တလောဖြစ်နေတဲ့ ပြဿနာလေးတွေတောင် မဖြေရှင်းပေးဘဲနဲ့ NCA လက်မှတ်ထိုးပါဆိုတော့ ပိုပြီး ခိုင်မာတဲ့ ပြည်ထောင်စုအဆင့် ကတိကဝတ်တွေကို ဘယ်လို ယုံကြည်မှုနဲ့ အကောင်အထည်ဖော်ကြမလဲဆိုတဲ့ ပြဿနာရှိပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် အစိုးရက ကျင်းပဖို့ရည်ရွယ်ထားတဲ့ ၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထအကြိမ်ဟာလည်း လက်ရှိမြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအနေအထားအရ တစ်နိုင်ငံလုံးအတိုင်းအတာ ဆောင်တဲ့ ညီလာခံဖြစ်နိုင်မှာ မဟုတ်ဘူးလို့ ရွေမျိုးသန့်က ပြောပါတယ်။

“ရခိုင်မှာ ဖြစ်နေတဲ့ ပြင်းထန်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို အချိန်တိုအတွင်း ဖြေရှင်းနိုင်မယ့် အလားအလာမရှိသေးတာ၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ အပစ်ရပ်စာချုပ်တွေ ချုပ်ဆိုဖို့ မဖြစ်နိုင်သေးတာ၊ တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့ ၀ ပါဝင်လာနိုင်ရေး မသေချာသေးတာတွေရယ်ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ ညီလာခံ မဖြစ်နိုင်သေးပါဘူး” လို့ပြောပါတယ်။

ပြည်ထောင်စုအဆင့်မှာရော ပြည်နယ်အဆင့်မှာပါ အစိုးရ နဲ့ KNPP အကြား ထိတွေ့ ဆက်ဆံမှုက အားနည်းနေတာကြောင့် NCA ကို KNPP ဖက်က လက်မှတ်ထိုးဖို့ အလှမ်းဝေးနေတယ်လို့ ပြည်နယ်အရေး လေ့လာသုံးသပ်သူ ကိုကျော်ထင်အောင်က ပြောပါတယ်။

“ပြည်ထောင်စုအဆင့်မှာလည်း ကြိုးပမ်းအားထုတ်မှု နည်းတယ်၊ တကယ်တမ်း ထိတွေ့ဆက်ဆံနေရတဲ့ ပြည်နယ်အစိုးရဘက်ပိုင်းကို ပိုပြီးတော့မှကို ထိတွေ့ဆက်ဆံမှုပိုင်း အားနည်းပြီးတော့မှ တရားဝင် ဆွေးနွေးပွဲတွေမှာဆိုရင်လည်း တာဝန်ရှိတဲ့ ဝန်ကြီးချုပ်တို့၊ ပြည်နယ်အစိုးရဝန်ကြီးတို့ မတက်ဘဲနဲ့ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ထွေအုပ်ကနေပဲ တက်တာတွေကြောင့်မို့လို့ကို KNPP ရဲ့ NCA ထိုးမှု ကြိုးပမ်းရေးအပိုင်းမှာတော့ ဒီ အစိုးရလက်ထက်မှာ လုပ်ကိုင်ဆောင်ရွက်မှုတွေဟာ အားနည်းချက်များစွာနဲ့မို့လို့ လက်ရှိ KNPP အနေနဲ့ လက်မှတ်မရေးထိုးနိုင်သေးဘဲ ရေးထိုးနိုင်ရေး ကြိုးပမ်းနေဆဲပဲလို့ မြင်တယ်” လို့ ကိုကျော်ထင်အောင်က ပြောပါတယ်။

KNPP နဲ့ ပြည်နယ်အစိုးရအကြား ချုပ်ဆိုထားတဲ့ နှစ်ဦးနှစ်ဘက် သဘောတူညီမှုစာချုပ် (Bilateral Agreement) အရ ပြည်နယ်အတွင်း မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ညှိနှိုင်းဖြေရှင်းဖို့ နှစ်ဖက် တစ်လတစ်ကြိမ် တွေ့ဆုံမယ်ဆိုတဲ့ အချက် ပါရှိပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလကုန်ပိုင်းက တွေ့ဆုံမှုမှာတော့ သက်ဆိုင်ရာပြည်နယ်အစိုးရဘက်က ဝန်ကြီးတွေ တက်ရောက်ခဲ့ခြင်းမရှိဘဲ အစိုးရအဖွဲ့ အတွင်းရေးမှူးနဲ့သာ တွေ့ဆုံဆွေးနွေးခဲ့ရတာ ဖြစ်ပါတယ်။

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...