၂နှစ်ကျော် ကြာမြင့်ပြီဖြစ်တဲ့ ကေအန်ပီပီ ရဲဘော်သုံးဦး နဲ့ အရပ်သားတစ်ဦး အသတ်ခံရမှုဖြစ်စဉ်ကို ပြည်ထောင်စုအဆင့် မှာဆွေးနွေးထားသော်လည်းပဲ အကောင်အထည်ဖော် ဆောင်ရွက်ပေးမှု ရလဒ် မရှိသေးဘူးလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် ခူးထဲဘူးက ကန္တရဝတီတိုင်းမ်ကို မတ်လ ၃ရက်နေ့က ပြောပါတယ်။
“ယနေ့ထိတော့ ဘာမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခြင်းကလည်း မရှိသေးတဲ့အတွက် ရလဒ်ကတော့ မပေါ်သေးဘူး။ ဒါပေမယ့် ကျတော်တို့ကတော့ အဲဒါကို မမေ့ပါဘူး။ ပြည်ထောင်စုအဆင့်မှာတော့ နှိုးဆော်ပေးနေတယ်” လို့ ခူးထဲဘူးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၂၀ရက်နေ့မှာ ကေအန်ပီပီ ရဲဘော်သုံးဦးနဲ့ အရပ်သားတစ်ဦး တို့ကို မြန်မာ့တပ်မတော်က ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်မှာ လက်ရှိအချိန်ထိ တစ်စုံတစ်ရာ ရလဒ်မထွက်ပေါ်သေးတာပဲဖြစ်တာကြောင့် အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။
တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းကို တပ်ပိုင်းဆိုင်ရာက ပွင့်လင်းမြင်သာစွာ ချပြမှု မရှိသလို ဥပဒေပိုင်းဆိုင်ရာအရ စစ်ခုံရုံးကို တင်မယ်လို့ပြောနေပေမယ့်လည်း ဘယ်လိုအရေးယူဆောင်ရွက်မလဲဆိုတာလည်း မသိရတဲ့အတွက် အရပ်ဖက်အဖွဲ့အစည်းအနေနဲ့ ဆက်လက်တိုက်တွန်းတောင်းဆိုသွားမယ်လို့ ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်တဲ့ ကိုကျော်ထင်အောင်က ပြောပါတယ်။
ကိုကျော်ထင်အောင်က “လက်ရှိအရပ်သားတစ်ဦးနဲ့ ကေအန်ပီပီ ရဲဘော်သုံးဦးကို ဖမ်းဆီခေါ်ဆောင်ပြီး မတရားသတ်ဖြတ်၊ မီးရှို့အလောင်းဖျောက်ပြီးတော့ အရိုးပဲ ရရှိတဲ့အမှုကတော့ လက်ရှိကာလ ၂ နှစ်ကျော်ကြာလာတဲ့အထိ မပြီးပြတ်သေးတဲ့အတွက် တရားဥပဒေအရသော်လည်းကောင်း၊ လူမှုတရားရေးမျှတရေးအတွက်သော်လည်းကောင်း၊ ဆက်လက်တိုက်တွန်းပြီးတော့ တောင်းဆိုရပါမယ်’’ လို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ အရပ်သားတစ်ဦးရဲ့မိသားစုကလည်း ဒီအပေါ်မှာ လုပ်ဆောင်နိုင်စွမ်းမရှိတဲ့အတွက် အဓိက လုပ်ဆောင်ရမှာက ကေအဲဲန်ပီပီသာ ဖြစ်ပြီး လူမှုတရားမျှတမှုအတွက် တိုက်တွန်းတောင်းဆိုမယ်ဆိုရင် ထူးခြားမှု ဖြစ်လာလိမ့်မယ်လို့ ၎င်းက ဆက်ပြောပါတယ်။
အသတ်ခံရတဲ့ လေးဦးအနက် သုံးဦးက ကေအန်ပီပီရဲဘော်ဖြစ်တဲ့အတွက် သက်ဆိုင်ရာမြန်မာ့တပ်မတော်၊ အစုအဖွဲ့နဲ့ ညှိနှိုင်းရမှာဖြစ်သော်လည်း အရပ်သားတစ်ဦးကတော့ အစိုးရမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဦးဗညားက “ပြည်သူတစ်ယောက် ပါတဲ့အတွက်ကြောင့်မို့လို့ ဒီအပေါ်မှာ နှစ်ပိုင်း ပြောချင်တာက အစိုးရမှာတာဝန်ရှိတယ်၊ လွှတ်တော်မှာလည်း ဒီဟာကို အဆိုမေးမြန်းဖို့ တာဝန်ရှိလာတယ်။ ပြည်သူလူထုကနေ ရွေးကောက်တင်မြှောက်လိုက်လို့ လွှတ်တော်အမတ်တွေဖြစ်တယ်. ဒါကြောင့်မို့လို့ လူထုတွေရဲ့အသက်အိုးအိမ်ကို တရားမျှတမှုရအောင် မေးမြန်းသင့်တယ်၊ ထိန်းကျောင်းသင့်တယ်လို့ ကျတော်မြင်တယ်” လို့ ဆိုပါတယ်။
ကေအဲန်ပီပီရဲဘော်သုံးဦးနဲ့ အရပ်သားတစ်ဦး အသတ်ခံရမှုနဲ့ပတ်သက်ပြီး ကရင်နီပြည်တွင်းမှာရှိတဲ့ တက်ကြွလုပ်ရှားလူငယ်တွေက တရားမျှတရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့တာကြောင့် ဦးဆောင်တဲ့လူငယ်တွေ ငြိမ်း စု စီပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။







