မော်ချီးဒေသ ခဲလုပ်သားများ ကျန်းမာရေးကိစ္စ လွှတ်တော်မှာ တင်ပြရန် အစီအစဉ် မရှိသေး

မော်ချီးဒေသ ခဲလုပ်သားများ ကျန်းမာရေးကိစ္စ လွှတ်တော်မှာ တင်ပြရန် အစီအစဉ် မရှိသေး

စိုးထိုက်အောင် — ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီး ခဲသတ္တုတွင်းက အလုပ်သမားတွေရဲ့ ကျန်းမာရေးဆိုင်ရာ လုံခြုံမှုနဲ့ ပတ်သက်လို့ ပြည်သူတွေဘက်က တင်ပြချက် မရှိတဲ့အတွက် လွှတ်တော်ထဲမှာ တင်ပြဖို့ အစီအစဉ် မရှိသေးဘူးလို့ ဖားဆောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းထွေးသူက ပြောပါတယ်။

ဒေါ်နန်းထွေးသူက “အစ်မတို့က လူထု တွေ့တယ်လေ။ လူထု အမြဲတမ်း တွေ့တုန်းက ဒီ(ခဲဆိပ်)ကိစ္စနဲ့ပတ်သက်ပြီး သူတို့ တင်ပြတာတွေလည်း မရှိဘူး၊ မေးမြန်းတာတွေလည်း မရှိဘူးဆိုတော့ အစ်မတို့က လွှတ်တော်ဘက်ကနေ လွှတ်တော်ကိုယ်စားလှယ်ဆိုတော့ ပြည်သူ့အသံ နားထောင်မှ ပြည်သူတွေရဲ့ တင်ပြချက်တွေအပေါ်မှာ အစ်မတို့က တစ်ဆင့် ပြန်တင်တာပေါ့နော်”လို့ ပြောပါတယ်။

အခုလို ခဲသတ္တုတွင်းလုပ်ငန်းမှာ ခဲဆိပ်ကြောင့်ဖြစ်တဲ့ အဆုတ်ရောဂါတွေ၊ ခဲဆိပ်ရောဂါတွေ ဖြစ်ပွားနေပေမဲ့လည်း အများနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေလို တင်ပြလာတာမရှိတဲ့အတွက် လွှတ်တော်မှာ တင်ပြဖို့ ပြင်ဆင်ထားတာ မရှိဘူးလို့ ဆိုပါတယ်။

မော်ချီးဒေသအတွင်းမှာ ခဲသတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေလျက်ရှိတဲ့ အမျိုးသားတွေအနေနဲ့ ဂန်းထိုးခြင်း၊ ယမ်းခွဲခြင်းကြောင့် ခဲဆိပ်သင့်ပြီး အသက်ဆုံးရှုံးရတဲ့ သူတွေရှိသလို၊ ခဲကျင်းတွေ အတွင်းမှာလည်း မတော်တဆမှုတွေကြောင့် အသက်ဆုံးရှုံးရတာတွေ ရှိနေတယ်လို့ ခဲကျင်းထဲမှ လူနာတွေကို ဆေးကုသပေးနေတဲ့ မော်ချီးဒေသ ယူကော်ခိုကျေးရွာမှ ဆေးခန်း ဆရာမဒေါ်မာဂရက်စိန်က ပြောပါတယ်။

ဒေါ်မာဂရက်စိန်က “ခဲဆိပ်ကြောင့် အဆုတ်ရောဂါ ချောင်းဆိုးတယ်၊ တီဘီလက္ခဏာလိုပဲ ပိန်တယ်၊ အစားမစားနိုင်ဘူး၊ မျက်လုံးတွေ ပြူးလာတယ်၊ အသားတွေ မဲလာတယ်၊ ရုတ်တရက်ကြည့်ရင် AIDS လို့ ထင်ရတယ်။ အဲ

ဒါမဟုတ်ဘူး။ ဒါ monocotosis လို့ခေါ်တဲ့ ခဲ၊ ယမ်းတွေ၊ အငွေ့တွေကြောင့် ဖြစ်တဲ့၊ အဆိပ်တွေကြောင့် ဖြစ်တဲ့ရောဂါ ဟုတ်တယ်။ အဲဒါ ကမ္ဘာက အသိအမှတ် ပြုတာနော်။ သို့သော်မြန်မာက မကြေညာဘူး။ monocotosis ပါလို့ ဘယ်သူမှ မကြေညာဘူး” လို့ ပြောပါတယ်။

ခဲဆိပ်ကြောင့် ဖြစ်တဲ့ အဆုတ်ရောဂါဖြစ်ပွားပြီဆိုရင်လည်း ကျေးလက်ကျန်းမာရေးဌာနတွေ၊ ဆေးရုံကြီးတွေကနေ တီဘီရောဂါလို့ သတ်မှတ်ပြီး (၆)လ တီဘီဆေးတွေကိုသာ သောက်ခိုင်းနေတာဖြစ်ပြီး အများစုက အိမ်ပြန်ရောက်ရင် အသက်ဆုံးရှုံးနေကြရတယ်လို့ ဆိုပါတယ်။

ခန္ဓာကိုယ်အတွင်းသို့ ခဲဆိပ်ဝင်ရောက်နိုင်တဲ့ နေရာတွေကတော့ နှာခေါင်း၊ ပါးစပ်နဲ့ အရေပြားတွေကနေ ဝင်ရောက်နိုင်ပြီးတော့ ခဲကျင်းတွေမှာ ယမ်းခွဲဖို့အတွက် ဂန်းထိုးတဲ့အခါမှာလည်း ရင်ဘတ်နဲ့ ဖိပြီး ထိုးရတဲ့အတွက်ကြောင့်လည်း ဂန်းရဲ့တွန်းအားကြောင့် အဆုတ်ပျက်စီးတာတွေ ဖြစ်နိုင်ပါတယ်လို့လည်း ဆိုပါတယ်။

၂၀၁၉ ခုနှစ်အတွင်းမှာ မော်ချီးဒေသ ယူကော်ခိုကျေးရွာမှာ ခဲဆိပ်သင့် အဆုတ်ရောဂါဖြစ်ပွားသူ ၅ ဦးနဲ့ခဲဆိပ်ရောဂါဖြစ်ပွားသူ ၁ဦးခန့်ရှိတယ်လို့ပြောပါတယ်။

ရောဂါဖြစ်ပွားပြီဆိုရင်လည်း ယခုအချိန်ထိတော့ မြန်မာနိုင်ငံမှာ ပျောက်ကင်းအောင် မကုသနိုင်သေးဘူးလို့ ဆရာမဒေါ်မာဂရက်စိန်ကတဆင့် သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ခဲသတ္တုအများဆုံးထွက်ပေါ်ရာ မော်ချီးသတ္တုတွင်းထဲမှာ နေရာတွေထဲမှာ မော်ချီးဒေသဟာဆိုရင်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

မော်ချီးဒေသက လူတွေသာမက တစ်ခြားပြည်နယ်၊ တိုင်းတွေဘက်က အလုပ်လာလုပ်တဲ့သူတွေ အသက်အန္တရာယ်ရှိမှန်း သိနေပေမဲ့လည်း စားဝတ်နေရေးအတွက် လာရောက် လုပ်ကိုင်နေရခြင်းပဲ ဖြစ်ပါတယ်။

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...