ဒေသန္တရအမိန့်က ပြည်နယ်ကို ကျဆုံးအောင် ပြုလုပ်နေခြင်းဟု ဆို

ဒေသန္တရအမိန့်က ပြည်နယ်ကို ကျဆုံးအောင် ပြုလုပ်နေခြင်းဟု ဆို

နော်ဒွေးအယ်ခူ — ပြည်နယ်အစိုးရ သတ်မှတ်ထားတဲ့ ဒေသန္တရအမိန့် ထုတ်ပြန်ထားခြင်းက ကယား(ကရင်နီ)ပြည်နယ် ကျဆုံးအောင် ပြုလုပ်နေခြင်းဖြစ်တယ်လို့ Karenni MATA အဖွဲ့ တာဝန်ခံ ခွန်းအန်းဂျလိုက ပြောပါတယ်။

ခွန်းအန်းဂျလိုက “အစိုးရကို တိုက်ခိုက်ဖို့ အမြင်ဖွင့်တာ မဟုတ်ဘူး။ လူထုတွေ သိထိုက်သိအပ်တဲ့ အရာတွေ ကျွန်တော်တို့က အမြင်ဖွင့်ပေးတယ်၊ လိုက်ပြီး ဆော်သြပေးတာကို သူတို့က အဆိုးမြင်ဝါဒနဲ့ ဒေသန္တရအမိန့် ထုတ်ပြန်တာက ပြည်နယ် ကျဆုံးအောင်လု ပ်တာပဲ ကျွန်တော်တို့ မြင်တယ်” လို့ ပြောဆိုထားပါတယ်။

ကျေးရွာ၊ ရပ်ကွက်တွေမှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ အသိပညာပေးသင်တန်း၊ အမြင်ဖွင့်သင်တန်းတွေကို အရပ်ဖက်အဖွဲ့အစည်းတွေကနေ ပြုလုပ်တဲ့အခါ ဒေသန္တရအမိန့်ကြောင့် အုပ်ချုပ်ရေးမှူးတွေလည်း လက်ခံခြင်းမရှိတော့ဘူးလို့ အရပ်ဖက်အဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။

ပြည်နယ်အတွင်း ဆောင်ရွက်နေတဲ့ သတ္တုစီမံကိန်းတွေမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စုံစမ်းစစ်ဆေးရေးတွေ (EIA/IEE) ပြုလုပ်ထားခြင်း ရှိမရှိ စတာတွေကို ဒေသခံတွေ အသိပညာပေး ချပြ ဆွေးနွေးချင်ပေမယ့်လည်း ဒေသန္တရအမိန့်ကြောင့် လူထုတွေမှာ ပူးပေါင်းပါဝင်လာမှုအပိုင်း အားနည်းလာတယ်လို့ ဆိုပါတယ်။

Karenni MATA အဖွဲ့ဟာဆိုလျှင် ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင်အရေးနဲ့ပတ်သက်တာတွေ မြေယာနဲ့ပတ်သက်တဲ့ကိစ္စတွေကို အသိပညာပေးနေတဲ့ အဖွဲ့အစည်းတစ်ဖွဲ့ ဖြစ်ပါတယ်။

ကယားပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ပြည်နယ်အတွင်း ဒေသန္တရအမိန့် ထုတ်ပြန်ခြင်းနဲ့ စပ်လျဉ်းပြီး ဖြေလျှော့ပေးဖို့ လွှတ်တော်မှာ မေးမြန်းခဲ့တယ်လို့ ဖရူဆိုမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောပါတယ်။

ပြည်နယ်အတွင်း အရပ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေအနေနဲ့ လူထုတွေ့ဆုံပွဲ၊ သင်တန်းတွေ လုပ်တဲ့အခါ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှတဆင့် ခွင့်ပြုမိန့် ရယူဖို့ဆိုတာတွေက လက်တွေ့မှာ အမှန်တကယ် ဆိုင်၊ မဆိုင် သိလိုတဲ့အတွက် မေးမြန်းခဲ့ပေမယ့် တိကျတဲ့ အဖြေတစ်ခု မရခဲ့ဘူးလို့ ဆိုပါတယ်။

“ကျွန်တော် လိုချင်တဲ့ အဖြေလည်း မဟုတ်ဘူးပေါ့နော၊ ဆိုတော့ ဒီ ဒေသန္တရအမိန့်နဲ့ ပတ်သက်ပြီးတော့မှ အစိုးရက ဒီလိုကိစ္စတွေမှာ ဖြေလျှော့ပေးဖို့၊ နောက်နောင် ဒီလိုကိစ္စမျိုး ဖြစ်လာခဲ့ရင်လည်း ပြန် စဉ်းစားပေးဖို့ဆိုတဲ့ အနေအထားမျိုးလည်း ကျွန်တော် မတွေ့ရဘူးပေါ့” လို့ ဦးသဲရယ်က ကန္တရဝတီတိုင်းမ်ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁၄ရက်နေ့မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယရက်မှာ ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းသွားတာ ဖြစ်ပါတယ်။

၎င်းကိစ္စရပ်တွေနဲ့ပတ်သက်လို့ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်တွေ၊ သတ်မှတ်စည်းကမ်းချက်တွေကို အများပြည်သူ သိရှိစေနိုင်ဖို့ သက်ဆိုင်တဲ့ အုပ်ချုပ်ရေးမှူးရုံးတွေရဲ့ ကြော်ငြာသင်ပုန်းတွေမှာ ကပ်ထားပြီး အသိပေးထားတယ်လို့ ပြန် ဖြေကြားသွားခဲ့ပါတယ်။

“လက်ရှိတည်ဆဲဥပဒေ၊ မူဝါဒများနဲ့အညီ ကြပ်မတ် ဆောင်ရွက်လျက်ရှိပါတယ်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကနေပြီးတော့မှ သက်ဆိုင်ရာနယ်မြေများအတွင်းမှာ အသံချဲ့စက်နဲ့ လှည့်လည် သတိပေးခြင်းအားဖြင့် အများပြည်သူများ သိရှိပြီးတော့မှ လိုက်နာဆောင်ရွက်ကြဖို့အတွက် အသိပေးထားရှိပြီးဖြစ်ပါတယ်” လို့ ဝန်ကြီးက ဖြေကြားသွားခဲ့တာဖြစ်ပါတယ်။

ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့၂၀၁၉ခုနှစ်အတွင်း ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စနဲ့ပတ်သက်ပြီး ကရင်နီလူထုက ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ပြီးနောက် ပြည်နယ်အစိုးရက ကန့်သတ်ဧရိယာနယ်မြေ စတဲ့ ဒေသန္တရအမိန့်တွေ ထုတ်ပြန်လာခဲ့သလို ကျေးရွာအတွင်းမှာလည်း ခွင့်ပြုချက်မရှိဘဲ အစည်းအဝေး၊ ဆွေးနွေးပွဲ စတာတွေကို ခွင့်ပြုမိန့်ရမှာသာလျှင် ပြုလုပ်ရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...