မော်ချီးဒေသ ကျေးရွာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ

မော်ချီးဒေသ ကျေးရွာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ

အန်ထောနီ — ဖားဆောင်းမြို့နယ် မော်ချီးဒေသဘက်မှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး အစိုးရကျန်းမာရေး ဆေးခန်းတွေ မရှိတဲ့အတွက် ကျေးရွာတွေ အတော်တော်များများ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေကြတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

ယူကော်ခိုရွာ(၁၃ကုန်း)ဘက်မှာ အစိုးရဆေးခန်းမရှိလို့ ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲရှိနေတယ်လို့ ယူကော်ခိုကျေးရွာမှ ဒေါ်တူးမာက ပြောပါတယ်။

ဒေါ်တူးမာက “ကျေးလက်ကျန်းမာရေးဌာနရှိတဲ့နေရာသွားဖို့ဆိုရင် ကား၊ ဆိုင်ကယ်ရှိမှ အဆင်ပြေတယ်။ တစ်ခါတစ်လေကျတော့ သွားလိုက်တာ ဆရာဝန်ကမရှိတော့ ဖားဆောင်းထိ သွားခဲ့ရတယ်။ ကျန်းမာရေးက မကောင်းပါဘူးဆို အဝေးကြီးသွားရတော့ ပိုပင်ပန်းတယ်” လို့ ပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေး မကောင်းလို့ အရေးပေါ်လူနာတွေကို ကုသရာမှာ လိုခါးလိုကျေးရွာ သို့မဟုတ် လွိုင်ကော်မြို့သို့ သွားလာရတဲ့အတွက် အခက်အခဲတွေ ရှိနေကြတယ်လို့ ဆိုပါတယ်။

လက်တလောမှာတော့ ကျန်းမာရေးနဲ့ပတ်သက်လို့ ပပွာကလူ(ကရင်) လူမှုဖွံ့ဖြိုးတိုးတက်ရေး အမျိုးသမီးအဖွဲ့ကနေပြီး ဖွင့်လှစ်ထားတဲ့ ဆေးခန်းကိုသာအားကိုးနေကြရတယ်လို့ ဒေါ်တူးမာက ဆက်ပြောပြပါတယ်။

“ ကျမတို့ဒေသမှာ ကျေးလက်ကျန်းမာရေးဌာနမ ရှိတော့ ကျန်းမာရေးအပိုင်းမှာ ဆရာမ မာကရက်စိန်ကိုပဲ အားကိုးကြရတယ်။ ဆရာမ မရှိရင် လိုခါးလို သွားဖို့ဆိုရင်လည်း ခက်ခဲတယ်၊ ဝေးလည်း ဝေးတယ်၊ တစ်ခါတစ်လေ ဆရာမ မအားဘူးဆိုရင် အတော်လေး ဒုက္ခရောက်တယ်”လို့ ပြောပါတယ်။

ပပွာကလူ(ကရင်) လူမှုဖွံ့ဖြိုးတိုးတက်ရေး အမျိုးသမီးအဖွဲ့ ဥက္ကဌ ဆရာမ မာကရက်စိန်က “ဆရာမတွေက တစ်လတစ်ခါ ဆေးပဲ လာထိုးတာ၊ နှစ်နာရီလောက်နေပြီးရင် သူ့ကို ကြိုရတယ်၊ ဆိုင်ကယ်နဲ့ ဆေးလာထိုးပြီး ပြန်သွားတယ်။ ကျန်တဲ့ ကျန်းမာရေးအပိုင်းတွေ တစ်ခုမှ မကြည့်ဘူး။ ကွင်းဆင်းလာတယ်ဆိုရင် ကျန်းမာရေးအခြေအနေ အကုန်ကြည့်ရမယ်။ အဲဒါတွေ တစ်ခါမှ လုပ်တာ မတွေ့ဖူးဘူး” လို့ ပြောပါတယ်။

ပပွာကလူ(ကရင်) လူမှုဖွံ့ဖြိုးတိုးတက်ရေး အမျိုးသမီးအဖွဲ့ကနေ ဖွင့်လှစ်ထားတဲ့ ဆေးခန်းမှာတော့ ခဲလုပ်ငန်းမှာ Air Gun ကြောင့် အဆုတ် ပျက်စီးသွားတဲ့ လူနာတွေ၊ ခဲဆိပ် သင့်တဲ့လူနာတွေ အများစု တွေ့နေရပါတယ်။

ရာသီအလိုက် ဖြစ်ပွားတတ်သော ဝမ်းလျှောဝမ်းပျက်ရောဂါနဲ့ ရာသီတုတ်ကွေးတွေလည်း ဖြစ်လေ့ရှိပြီး လာရောက်ကုသတဲ့သူတွေ အနည်းအကျဉ်း ရှိတယ်လို့ သိရပါတယ်။

မော်ချီးဒေသတွင်း ကျေးရွာပေါင်း ၅၇ ရွာ ရှိပြီး လိုခါးလို ကျေးရွာတစ်ခုတည်းမှာသာ ဆေးရုံရှိတဲ့အတွက် တခြားတောင်ပေါ်မှာနေတဲ့ ရွာတွေမှာ ကျန်းမာရေးဆေးခန်းတွေ ဖွင့်လှစ်ထားပေမယ့်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး မြေပြိုတဲ့ အန္တရာယ်တွေကြောင့် တာဝန်ကျ ဆရာ ဆရာမတွေမှာလည်း အချိန်ပြည့် တာဝန်မထမ်းဆောင်နိုင်ဘူးလို့ သိရပါတယ်။

ရွှေ့ပြောင်းကုသပေးတဲ့ စေတနာ့ဝန်ထမ်း ကိုယ်ထူကိုယ်ထ ကျန်းမာရေးအဖွဲ့ (Mobile clinic) ရောက်ရှိမှသာ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု ရရှိကြတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...
May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...
ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်
May 8, 2026
မေလ ၆ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)ရဲ့ တပ်တည်ထောင်ခြင်း (...
May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...