တိုင်းရင်းသားဒေသမှာ တောင်သူလယ်သမားတွေရဲ့ အခွင့်အရေး ချိုးဖောက်ခံရမှု ပိုမို ဆိုးဝါးလာနေ

တိုင်းရင်းသားဒေသမှာ တောင်သူလယ်သမားတွေရဲ့ အခွင့်အရေး ချိုးဖောက်ခံရမှု ပိုမို ဆိုးဝါးလာနေ
တရားရုံးချိန်းသို့ လာရောက်သော ဒေါဆိုရှေးတောင်သူ အမျိုးသမီးကြီးတစ်ဦး
တရားရုံးချိန်းသို့ လာရောက်သော ဒေါဆိုရှေးတောင်သူ အမျိုးသမီးကြီးတစ်ဦး

လက်ရှိပြည်သူ့အစိုးရလက်ထက်မှာ တိုင်းရင်သားတောင်သူတွေရဲ့ အခွင့်အရေးတွေ အချိုးဖောက်ခံနေရမှု ပိုဆိုးဝါးလာနေပြီး ကယားပြည်နယ်အတွင်း ရွာလုံးကျွတ်နီးပါး တောင်သူတွေ တရားစွဲခံရတဲ့ ကိစ္စဟာ လုံးဝမဖြစ်သင့်ဘူးလို့ ချင်းလယ်သမားများကွန်ယက် (Chin Farmers Network) မှ မမိုးမိုးက ပြောပါတယ်။

” ဒီအစိုးရလက်ထဲမှာ တောင်သူတွေရဲ့အခွင့်အရေးက ဘာတိုးတက်မှုမှမရှိဘူး သူတို့အသစ်ပြင်လိုက်တဲ့ဥပဒေ က တောင်သူတွေအတွက်ပိုဆိုးစေတယ်။ နောက်ပြီးကယားပြည်နယ်မှာ တောင်သူတွေအများကြီးကိုတရားစွဲတာက လုံးဝ မဖြစ်သင့်ဘူး”လို့ မမိုးမိုးကပြောပါတယ်။

ကယားပြည်နယ်မှာမြန်မာ့တပ်မတော်မှ ဒီဇင်ဘာလ ၁၃ ရက်နေ့က ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ ဝန်ထမ်း၃ဦးနဲ့ တောင်သူလယ်သမား၁၀ဦးကို ပုဒ်မ ၄၄၇နဲ့ ထပ်မံတရားစွဲလိုက်ပါတယ်။ လက်ရှိ မြန်မာ့တပ်မတော်ကတောင်သူလယ်သမားတွေကို တရားစွဲဆိုတာ စုစုပေါင်း တောင်သူ ၄၁ ဦးရှိနေပါတယ်။

တိုင်းရင်းသားဒေသတွေမှာ ဒေသခံ တောင်သူတွေကြုံတွေ့နေရတဲ့ ဖိနှိပ်မှုတွေ လူအခွင့်အရေးချိုးဖောက်ခံရမှုတွေကိုရပ်ဆိုင်းပေးဖို့ ဖက်ဒရယ်တိုင်းရင်းသားလူမျိုးကွန်ယက်ကနေ (Fedration of Ethnic Farmers Network) ကနေပြီး ဒီနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ဒီထုတ်ပြန်ချက်ဟာ ပြီးခဲ့တဲ့ ၁၃ ရက်နေ့က ကယားပြည်နယ်တစ်နေရာတွင်ပြုလုပ်ခဲ့တဲ့ ဖက်ဒရယ်တိုင်းရင်းသားလူမျိုးကွန်ယက် (Fedration of Ethnic Farmers Network) ရဲ့ သုံးကြိမ်မြောက် နှီးနှော ဖလှယ်ပွဲက သဘောထား အမြင်တွေကို စုစည်း ထုတ်ပြန် ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနှီးနှောဖလှယ်ပွဲမှာ တိုင်းရင်းသားဒေသအတွင်း တောင်သူတွေ အဓိကရင်ဆိုင်နေရတဲ့ ပြသနာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ (KSFU) ဥက္ကဋ္ဌ ခူးတူရယ်ကပြောပါတယ်။

” အဓိကတော့ တောင်သူ လယ်သမားတွေရဲ့ လက်ရှိအခြေအနေဘယ်လိုရှိလဲ အခွင့်အရေးတွေ ဘယ်လိုချိုးဖောက်ခံနေရတယ်၊ စီမံကိန်းတွေကြောင့် မြေယာတွေဘယ်လိုဆုံးရှုံးနေရလဲဆိုတာ ပွင့်ပွင့်လင်းလင်းဆွေးနွေးကြပါတယ်။ အဓိကတော့တိုင်းရင်းသားတွေ ဘယ်လို အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ် ဆိုတာဆွေးနွေးကြပါတယ်။” လို့ ခူးတူရယ်က ပြောပါတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အမျိုးမျိုးခံခဲ့ကြရပြီး ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်ခဲ့ကြပေမဲ့လည်း တိုင်းရင်းသားဒေသတွင်းက အခြေအနေတွေ မထူးခြားလာသေးဘူးလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့မပြင် အရပ်သားအစိုးရ လက်ထက်မှာ ထွက်ပေါ်လာတဲ့ မြေယာဥပဒေတွေဟာ တိုင်းရင်းသားတွေကို အကျိုးမပြုကြောင်း၊ အပြင် တိုင်းရင်းသားဒေသတွေမှာ ဖော်ဆောင်နေတဲ့ စီမံကိန်းတွေကို လွှတ်တော်နဲ့ အစိုးရက အကာအကွယ်ပေးနေတာရှိပါတယ်။ ဒါ့ကြောင့် ဖက်ဒရယ်စနစ်တည်ဆောက်ပြီး ဖက်ဒရယ် မြေယာစနစ် ကျင့်သုံးဖို့ ကြိုးပမ်းစေချင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖက်ဒရယ်တိုင်းရင်းသားလူမျိုးကွက်ယက်ကို (Fedration of Ethnic Farmers Network)ကို ကရင်နီပြည်တောင်သူလယ်သမား သမဂ္ဂ(KSFU)၊ ချင်းတောင်သူလယ်သမားများကွန်ယက် (CFN) မွန်ပြည်နယ်မှ Mon Region Land Policy Affair Comittee (MRLPAC)၊ ရခိုင်ပြည်မှ Kyauk Phyu Rural ၊ Development Association (KRDA) ၊ ကရင်ပြည်မှ Rural Community Development Association (RMDA) စသည့်အဖွဲ့များဖြင့် စုပေါင်းဖွဲ့စည်းထားကြောင်းသိရသည်။

 

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...