သောက်သုံးရေ၊ လမ်းပန်း၊ လျှပ်စစ်နှင့် မြေယာကိစ္စများ မွန်လူထုတင်ပြ

သောက်သုံးရေ၊ လမ်းပန်း၊ လျှပ်စစ်နှင့် မြေယာကိစ္စများ မွန်လူထုတင်ပြ

မွန်ပြည်နယ်တွင်ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား မွန်ဒေသခံပြည်သူလူထုက သောက်သုံးရေလုံလောက်စွာရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ မြေယာပြဿနာ အစရှိသည့် ကိစ္စရပ်များကို အဓိကတင်ပြကြသည်။

ပြည်သူလူထုမှ တိုက်ရိုက်တင်ပြလာသည့်ကိစ္စရပ်များကို သက်ဆိုင်ရာတာဝန်ရှိသူတို့မှ တိုက်ရိုက်ဖြေကြား ဖြေရှင်းပေးခဲ့ပြီး အချိန်အကန့်အသတ်ကြောင့် တိုက်ရိုက်တင်ပြခွင့် မရရှိသူများအနေဖြင့် စာဖြင့်တိုက်ကြား ခဲ့ကြရသည်။

အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်နယ်နှင့် တိုင်းအစိုးရများအနေဖြင့် ကိုယ့်တာဝန်ကိုယ် ကျေပြွန်အောင် လုပ်ဆောင်ရမည် ဟု ဧပြီလ ၄ ရက်နေ့(ယနေ့)တွင် မော်လမြိုင်မြို့ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

မော်လမြိုင်မြို့ ပြည်နယ်ခန်းမတွင် ပြုလုပ်ခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ပြည်နယ်သူ ပြည်နယ်သားများ တွေ့ဆုံပွဲ၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“ကျမတို့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုထူထောင်ချင်လို့ရှိရင် ပြည်နယ်နဲ့ တိုင်းအစိုးရတွေက သူတို့ရဲ့ တာဝန်ကို သူတို့ ကျေအောင်လုပ်ရမယ်” ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

ပြည်သူပြည်သားများကလည်း ဗဟိုအစိုးရကိုပဲ အားမကိုးရန်နှင့် ဒီမိုကရေစီလိုချင်ပါက ကိုယ့်ကိုယ်ကို အားကိုး ရမည်ဖြစ်ကြောင်း ကိုယ်လုပ်နိုင်သလောက် မှန်မှန်ကန်ကန် ဥပဒေဘောင်အတွင်းက လုပ်ရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဆက်ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုတွေ့ဆုံပွဲသို့ မွန်ပြည်နယ်အစိုးရ၊ ပြည်နယ် လွှတ်တော်၊ ဌာနဆိုင်ရာနှင့် ပြည်သူလူထု ၁၅၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မွန်ပြည်နယ်သို့ ဧပြီလ ၄ ရက်နေ့က ရောက်ရှိခဲ့ပြီး မော်လမြိုင်မြို့ တွင် လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့သည့်အပြင် မော်လမြိုင်ပြည်သူ့ဆေးရုံ၊ ကျိုက်သံလ္လဘုရားသို့ သွားရောက်ခဲ့သည်။

ဧပြီ ၅ ရက်နေ့တွင် သထုံရှိ ဒေသခံပြည်သူများနှင့် လူထုတွေ့ ဆုံပွဲ ဆက်လုပ်သွားမည်ဟု သိရသည်။

May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...
May 14, 2026
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ခြင်းသည် ငြိမ်းချမ်းရေးနှင့် ပိုမို အလှမ်းဝေး သွားစေမည်ဖြစ်သည့်အပြင်...