“ သူ့ရဲ့စည်းရုံးရေးခရီးစဉ်မလာရင်တော့ သူ့ရဲ့ NLD ပါတီအပေါ်ထောက်ခံမူဟာ ရှိသင့်သလောက်ရှိမယ်ပေါ့နော်။ ဒါပေမယ့်လည်း အခုသူလာခြင်းအားဖြင့် သူ့ရဲ့ ပုဂ္ဂိုလ်ရေးအရှိန်အဝါမနဲ့ ပုဂ္ဂိုလ်ရေးသြဇာအရ ကျွန်တော်တို့ ရှမ်းနီလူမျိုးများကြားထဲမှာလည်း NLD အပေါ်မဲထည့်ဖို့ ပိုပြီးစိတ်အားထက်သန်သွားတာတွေ့ရတဲ့အတွက် ကျွန်တော်တို့ စည်းရုံးထားတဲ့နယ်မြေတွေမှာလည်း စည်းရုံးရေးအင်အား အနည်းငယ်တော့ အားနည်းသွားမယ်လို့ မြင်တယ်။” ဟု ဦးစောဝင်းထွန်းကဆိုသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုကဲ့သို့ ခက်ခဲ ဝေးလံသော တိုင်းရင်းသားဒေသများသို့ သွားရောက်မဲဆွယ်စည်းရုံးရေးဆင်းနေခြင်းမှာ တိုင်းရင်းသားများ၏ ထောက်ခံမူ တိုးတက်လာစေရန်ဖြစ်နိူင်ကြောင်းလည်း ၎င်းက သုံးသပ်ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည်ယနေ့ စက်တင်ဘာလ ၂၅ ရက်တွင် ခန္တီးမြို့သို့ ရောက်ရှိကာ၂၆ ရက်တွင် ချင်းတွင်းမြစ်အတိုင်းစက်လှေဖြင့်သွားရောက်မည်ဖြစ်ပြီး လမ်းတွင် ထမံသီကျေးရွာသို့ ၀င်ရောက်မည်ဖြစ်ကာ ၂၆ ရက်ညနေပိုင်းမှာ ဟုမ္မလင်းမြို့သို့ရောက်ရှိပြီး ၂၇ ရက်တွင် ဟုမ္မလင်းမြို့ ခိုပဲဝ ရပ်ကွက် ဆုတောင်းပြည့်ဘုရားဝင်းအတွင်း ဒေသခံများသို့ ပါတီစည်းရုံးဟောပြောမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရေးမှူး ဦးမြင့်ကြည်က ရှမ်းနီအသံဂျာနယ်သို့ ပြောကြားသည်။
ခန္တီးမြို့သည် လွတ်လပ်ရေးရပြီးသည်အထိ ရှမ်းနီစော်ဘွားများ အဆက်ဆက် အုပ်ချုပ်ခဲ့သော ဒေသဖြစ်ပြီး ဟုမ္မလင်းမြို့နယ်သည်လည်း ရှမ်းနီလူမျိုးများအများဆုံးနေထိုင်သော ဒေသတစ်ခုဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါဒေသများသို့ လာရောက်ခြင်းမှာ ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်းလည်း သိရသည်။
လာမည့် ရွေးကောက်ပွဲတွင် အဆိုပါဒေသများ၌ ဒေသခံ ရှမ်းနီပါတီများဖြစ်ကြသော တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP ) နှင့် ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွှတ်ရေးပါတီ( SNSP) တို့)၀င်ရောက်ယှဉ်မည်ဖြစ်ပြီး ပြည်မအခြေစိုက် ပါတီကြီးများဖြစ်ကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွ့့ံဖြိုးရေးပါတီ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီတို့ နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရမည့်ဖြစ်သည်။





