သံလွင်မြစ်ပေါ်ရေကာတာများ တည်ဆောက်ရေးအစီအစဉ်ကြောင့် မြစ်အောက်ပိုင်းထိခိုက်နိုင်မှုများ၊ ရေလွှမ်းမိုးမှုဖြစ်ပေါ်ပြီး ထိခိုက်ဆုံးရှုံးရသည့် အကြောင်းများကို လူအများသတိပြုလာစေရန် ရည်ရွယ်၍ မော်လမြိုင်မြို့ရှိ ရာမညဟိုတယ်၌ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ရာတွင် နိုင်ငံရေးပါတီများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ NGO အဖွဲ့များနှင့် မီဒီယာအဖွဲ့များ စုစုပေါင်းလူဦးရေ ရ၀ ခန့် တက်ရောက်ခဲ့ကြသည်။
သံလွင်ထိန်းသိမ်းရေးကွန်ရက် ပြောရေးဆိုခွင့်ရှိသူဖြစ်ပြီး ကရင်ပြည်နယ် ဘားအံမြို့၌နေထိုင်သူ စောသာဘိုးက “လက်ရှိ ဘားအံဒေသမှာ ပြည်သူလူထုတွေ ထောင်နဲ့ချီ ရေဘေးဒုက္ခခံနေရတယ်။ သံလွင်မြစ်တွေမှာ ရေကာတာထပ်ဆောက်လိုက် မယ်ဆိုရင် ရေလွှမ်းမိုးမှုဒဏ် ဘယ်လောက်ကြီးမား မယ်ဆိုတာ မတွေးဝံ့စရာပဲ”ဟု ပြောသည်။
သံလွင်မြစ် ဒီရေတက်ချိန်၊ မိုးသည်းထန်စွာရွာသွန်းချိန်နှင့် ရေကာတာများ ရေလွှတ်ချချိန် တပြိုင်တည်းဖြစ်ပါက မြစ်အောက်ပိုင်း တလျှောက် မွန်နှင့် ကရင်ဒေသများစွာ ရေနစ်သွားမည်ဟု သူက ဆက်ပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဖြစ်ပေါ်ခဲ့သော မြန်မာနိုင်ငံတဝှမ်းရေလွှမ်းမိုးမှုတွင် သံလွင်မြစ်ရေလျံခြင်းကြောင့် ဘားအံဒေသ၌ လူပေါင်း ၆၃၀ဝ ဦး၊ အိမ်ထောင်စု ၁၂၀ဝ ခန့် ရေဘေးသင့်သဖြင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရသည်ဟု သတင်းများတွင် ဖော်ပြပါရှိသည်။
သံလွင်ထိန်းသိမ်းရေးကွန်ရက် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာအောင်နိုင်ဦးကလည်း “ရေကာတာ တည်ဆောက်သူတွေ ဟာ မော်လမြိုင်မြို့မှာ တံခါးပိတ်အစည်းအဝေးလုပ်ပြီး သူတို့လိုချင်တဲ့အတိုင်း ဆုံးဖြတ်ချက်ချခဲ့တယ်။ သံလွင်မြစ်ကြောင်းတလျှောက် သန်းနဲ့ချီနေထိုင်နေကြတဲ့ ကျနော်တို့ပြည်သူလူထုတွေကို မထီမဲ့မြင် လစ်လျူရှုပြလိုက်တာပဲ”ဟု ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း သံလွင်မြစ်ပေါ်တွင် အကြီးမားဆုံးဖြစ်သည့် အရှည် ၂၄၁ မီတာရှိ မိုင်းတုံ ရေကာတာ တည်ဆောက်နိုင်ရေးအတွက် သြစတေးလျကုမ္ပဏီ SMEC သည် EIA/SIA ကောက်ယူ ရန် မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့တွင် တံခါးပိတ် အစည်းအဝေး ကျင်းပခဲ့ရာ အရပ်ဖက်အဖွဲ့အစည်းများနှင့် မီဒီယာများ တက်ရောက်ခွင့်မပြုခဲ့သည်ကို ရည်ညွှန်းသည်ဟု ဒေါက်တာအောင်နိုင်ဦးက ဆက်ပြောသည်။
သတင်းစာရှင်းလင်းပွဲအခမ်းအနားတွင် သံလွင်မြစ်ပေါ်တည်ဆောက်မည့် ရေကာတာများအားလုံး ချက်ချင်းရပ်တန့်ရန် သံလွင်ကာကွယ်ထိန်းသိမ်းရေးကွန်ရက်မှ အတိအလင်း သဘောထား ထုတ်ပြန်ကြေညာခဲ့သည်။
ရှမ်း၊ ကရင်နီ(ကယား)၊ ကရင်နှင့် မွန်ပြည်နယ်ကိုဖြတ်သန်းနေသည့် သံလွင်မြစ်ပေါ်တွင် ရေကာတာကြီး ၅ ခုတည်ဆောက်၍ လျှပ်စစ်မီးများထုတ်လုပ်ပြီး အိမ်နီးချင်းနိုင်ငံများသို့ သွယ်တန်းရန် တရုတ်၊ ထိုင်းနှင့် မြန်မာကုမ္ပဏီများ စီစဉ်လျှက်ရှိသည်။







