ဆိုင်ကယ် ပျောက်ဆုံးခဲ့သူတစ်ဦးက “ညက(သြဂုတ် ၉) သူငယ်ချင်းညီမ မီးဖွားလို့ ကျနော့် ဆိုင်ကယ်နဲ့ ဆေးရုံသွားတယ်။ မနက် ၅ နာရီ ကျော်ကျော်လောက်မှာ ဆိုင်ကယ်ပျောက်သွားတယ်။ အခုထိ ပြန်မတွေ့သေးဘူး”ဟု ပြောသည်။
ဘုရားသုံးဆူမြို့၌ ယခုလအတွင်း မော်တော်ဆိုင်ကယ် ၈ စီး ပျောက်ဆုံးခဲ့သည့်အနက် တစ်စီးသာ ပြန်လည်ရရှိခဲ့ကြောင်း၊ မြို့ပေါ်တွင် ဆိုင်ကယ်ခိုးဂိုဏ်းများဖြစ်ပေါ်နေဟု ယူဆကြောင်း ၎င်းက ဆက်ပြောသည်။
သြဂုတ်လ ၁၀ ရက်နေ့တွင် ဆိုင်ကယ်သူခိုးဟု ယူဆရသူ ကျော်ဇေယျ အသက်(၂၉) အပြင် နောက်ထပ် တစ်ယောက်ကိုလည်း ဖမ်းဆီးရမိသဖြင့် ရဲစခန်းသို့ အပ်နှံထားကြောင်း စုံစမ်းသိရှိရသည်။
ဘုရားသုံးဆူမြို့ရှိ နယ်ထိန်းရဲတစ်ဦးက “ပျောက်ဆုံးတဲ့ ဆိုင်ကယ်အများစုက မြန်မာပြည်လိုင်စင် မရှိတဲ့အတွက် ရဲစခန်းမှာ အမှုဖွင့်ရင် ဆိုင်ကယ်ပါ အသိမ်းခံရမယ်ဆိုတော့ ဆိုင်ကယ်ပိုင်ရှင်တွေက လည်း အမှုမဖွင့်ချင်ကြဘူး။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ပဲ ဖြေရှင်းနေရတာပေါ့”ဟု ပြောသည်။
လက်ရှိတွင် ရဲစခန်း၌ ဆိုင်ကယ်ပျောက်ဆုံးမှု ၃ မှု တိုင်ကြားထားကြောင်း၊ ဘုရားသုံးဆူမြို့တွင် တရားရုံးမရှိကြောင်း၊ ဘုရားသုံးဆူမြို့မှ မိုင် ၆၀ နီးပါးခန့်ဝေးကွာသော ကြာအင်းဆိပ်ကြီး မြို့နယ်တရားရုံး၌သာ အမှုစီရင်ရမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
အလားတူ သြဂုတ်လ ည၁၀ နာရီ အချိန်ခန့်တွင် မော်လမြိုင်မြို့၊ ဖက်တန်းနယ်မြေ၊ တောင်ပေါ်တန်းရပ်၌ ဆိုင်ကယ်ခိုးသူသုံးဦးအနက် တစ်ဦးအား ဖမ်းဆီးရမိပြီး မြို့မရဲစခန်းတွင် သွားရောက်အပ်နှံထားကြောင်း သိရသည်။







