ရေဘေးကူညီရေးအဖွဲ့များ မော်လမြိုင်မြို့ပေါ်တွင် အလှူငွေများ ကောက်ခံ

ရေဘေးကူညီရေးအဖွဲ့များ မော်လမြိုင်မြို့ပေါ်တွင် အလှူငွေများ ကောက်ခံ
ယခုလလက်ရှိ မြန်မာနိုင်ငံတဝန်း ဖြစ်ပေါ်နေသည့် ရေးဘေးဒုက္ခသည်များအား ကူညီနိုင်ရန် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ် တွင် ရေဘေးကူညီရေးအဖွဲ့များ အလှူခံလျှက်ရှိကြောင်း သိရသည်။

သြဂုတ် ၃ ရက်နေ့မှ စတင်၍ ရာမညပရဟိတ လူငယ်အဖွဲ့၊ မော်ရွှေမြိုင်ရွှေငယ်အဖွဲ့၊ Mawlamyine Rescue Team၊ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများ၊ GTC ကျောင်းသားများ၊ ဘာသာရေးကို အခြေခံသည့် အဖွဲ့များ၊ ပရဟိတ စိတ်ဝင်စားသူများ၊ CSO အဖွဲ့များ စုပေါင်း အလှူခံသည့် အဖွဲ့ ၁၀ ဖွဲ့ခန့်ရှိကြောင်း သိရသည်။

ရာမညပရဟိတ အဖွဲ့ခေါင်းဆောင် ဉာဏ်လင်းဦးက “အခုဆိုရင် မြင်တဲ့အတိုင်းပဲ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရေတွေကြီးပြီး ဒုက္ခတွေ ရောက်နေရတယ်။ ကျနော်တို့လည်း တတ်နိုင်သလောက် လူငယ်တွေလည်း တက်တက်ကြွကြွရှိကြတယ်။ ကိုယ်ကူညီနိုင်သလောက် လုပ်ကြမယ်ဆိုပြီး လုပ်ကြတယ်”ဟု ဆိုသည်။

မိမိတို့ လူငယ်အများသည် အရေးကြီးသည့်အခါတိုင်း စုပေါင်းတိုင်ပင်၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ငွေအလှူခံကြေးအပြင် အခြေအနေပေးလျှင် ရန်ပုံငွေဈေးရောင်းမည်ဖြစ်ကြောင်း၊ သဘာဝ ဘေးအန္တရာယ်နှင့် ကြံုလာလျှင် လူအားနှင့် တတ်နိုင်သလောက် ကူညီသွားမည်ဖြစ်ကြောင်း၊ ကိုယ်တိုင်မသွားနိုင်သည့် နေရာများတွင်လည်း ကွင်းဆင်းလုပ်ဆောင်နေသူများနှင့် ချိတ်ဆက်ပြီး လှူဒါန်းသွားမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ရာမည ပရဟိတ အဖွဲ့၏ ပထမရက် အလှူခံရာတွင ၁၉ သိန်းကျော်ကျော်ရရှိပြီး ဒုတိယမြောက်ရက် တွင် သိန်း ၃၀ ကျော်ကျော်ခန့် ရရှိခဲ့ကြောင်းနှင့် လာမည့် ကြာသပတေနေ့တွင် ရေဘေးအတွက် သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း ရာမညပရဟိတ အဖွဲ့ဝင် ကိုရန်မျိုးအောင်က အတည်ပြု ပြောဆိုခဲ့သည်။

မော်ရွှေမြိုင် မြို့သူမြို့သားများ အကူအညီပေးရေးအဖွဲ့မှ ပန်းချီစံရှားကလည်း “မြန်မာနိုင်ငံ အနှံ့အပြား မှာ ရေတွေပြည့်လျှံပြီး ရေဘေးသင့်နေရာများ အများအပြားရှိနေတယ်။ ဒါကြောင့် အဲဒီရေဘေးသင့် ပြည်သူတွေကို ကျနော်တို့ မော်လမြိုင်မြို့သူမြို့သားများအနေနဲ့ သွားရောက်လှူဒါန်းမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

မော်ရွှေမြိုင် မြို့သူမြို့သားများ အကူအညီပေးရေးအဖွဲ့၏ ၂ ရက်တာ အလှူကောက်ခံရာတွင် သိန်း ၈၀ ခန့် ရရှိထားပြီး နောက်ထပ် ပါဝင်လှူဒါန်းရန် စာရင်းပေးထားသူများလည်း ရှိကြောင်း၊ လိုက်လံ အလှူခံရာတွင် လူစည်ကားသည့် ဈေးများ၊ ကားဂိတ်များတွင် အများဆုံး အလှူခံခဲ့ကြောင်း သိရသည်။

အလားတူ (ရှင်စောပု) မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်းမှလည်း ပဲခူမြို့ ကြေးနီတိုင်ကန် ရေဘေးကယ်ဆယ်ရေးစခန်းတွင်လည်း အစားအသောက်များ၊ ဆေးဝါးများနှင့် အဝတ်အထည်များကိုလည်း သွားရောက်လှူဒါန်းလျှက်ရှိသည်။

မြန်မာနိုင်ငံတဝန်းတွင် ဇူလိုင်လ နှောင်းပိုင်းမှ ရေကြီး ရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ရေဘေးသင့် ဒုက္ခသည်များအတွက် နိုင်ငံတော်မှ ကယ်ဆယ်ရေးနှင့် အထောက်အပံ့များ နှောင့်နှေးခဲ့သည်ဟု လူမှုကူညီရေးအဖွဲ့များက ဝေဖန်ကြသည်။

ရေဘေးအဆိုးဝါးဆုံးခံနေရသည့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေး တိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး တို့အား သဘာဝဘေးဒဏ်ကျရောက်နေသော နေရာဒေသများအဖြစ် အစိုးရက ဇူလိုင် ၃၁ ရက်နေ့က ကြေညာခဲ့သည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...