မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေများ စီးဝင်မှုကြောင့် ဇူလိုင် ၃၀ ရက်နေ့မှစ၍ မွန်ပြည် နယ် မြောက်ဘက်ပိုင်း မြို့နယ်များ ဖြစ်သည့် သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်များရှိ နေရာအချို့နှင့် အဝေးပြေး မော်တော်ကားလမ်းအချို့ တွင် ရေလွှမ်းခဲ့ပြီး မော်တော်ယာဉ်ပြေးဆွဲမှုကို ရပ်နားခဲ့ရခြင်း ဖြစ်သည်။
ယနေ့ သြဂုတ် ၃ရက်နေ့တွင် မော်လမြိုင်မှ သန်မြန်သူ အဝေးပြေး မှန်လုံမော်တော်ကားဖြင့် ရန်ကုန်သို့ ခရီးထွက်ခဲ့သူ မင်းဗညားအောင်က “ကားစောင့်နေတာ နှစ်ရက်လောက် ရှိပြီ။ ဒီနေ့မှ ကားစပြေးတယ်။ ကျိုက်ထိုဘက်တော့ ရေသိပ်မရှိတော့ဘူး။ ရန်ကုန် ထောက်ကြံ့ဘက်မှာတော့ ရေနည်းနည်း ကြီးသေးတယ်”ဟု ပြောသည်။
ရေအနည်းငယ် ပြန်ကျသွားပြီး ဖြစ်သော်လည်း စိတ်ချရသည့် အနေအထား မရောက်သေးသည့် အတွက် ကယ်ဆယ်ရေးစခန်းများ ဆက်လက်ဖွင့်ထားလျက် ရှိပြီး၊ ရေဘေးရှောင် ဒုက္ခသည်များ ဆက်လက်ခိုလှုံလျက် ရှိသည်ဟု ကျိုက်ထိုမြို့၊ ကော့စလိုင်ရပ်ကွက် နာရေးကူညီမှုအသင်း ဦးဆောင်သူ ကိုဟန်ဝင်းမြတ်က ပြောသည်။
သူက “ရေးနည်းနည်း လျော့သွားလို့ ဒီနေ့ ရန်ကုန်တက်တဲ့ ကားတွေ စတင်ပြေးဆွဲနေပြီ။ စခန်းက ဒုက္ခသည်တွေက ပြန်လို့ရမယ့် အနေအထားတော့ မရောက်သေးဘူး”ဟု ပြောသည်။
လက်ရှိ မွန်ပြည်နယ် ကျိုက်ထိုမြို့၊ ကော့စလိုင်ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းတွင် ရေဘေးရှောင် ဒုက္ခသည် ၉၀ဝ ကျော်နှင့် ဇေယျာ မွန်ရပ်ကွက်ရှိ စာသင်ကျောင်းတွင် ၄၀ဝ ဝန်းကျင်ရှိပြီး အောင်ဇေယျာ၊ အောင်ချမ်းသာ စသည့်အခြားရပ်ကွက်များတွင်လည်း အနည်းငယ် ရှိကြောင်း ကိုဟန်ဝင်းမြတ်က ပြောသည်။
မွန်ပြည်နယ် ၁၀ မြို့နယ်တွင် သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်များသည် ရေလွှမ်းမိုးမှု အများဆုံး ခံရပြီး ၎င်းအနက် ကျိုက်ထိုမြို့နယ်သည် အဆိုးဆုံးဖြစ်ကြောင်း ကယ်ဆယ်၊ ကူညီရေး လုပ်သားများက ပြောသည်။
ကယ်ဆယ်ရေးစခန်းများကို ဇူလိုင် ၃၁ ရက်ကစတင်ဖွင့်လှစ်ခဲ့ရာ ဘီလင်းမြို့တွင် လူဦးရေ ၄,၆၀ဝ ကျော်နှင့် ကျိုက်ထိုမြို့တွင် ရေဘေး သင့်သူ ၁,၅၀ဝ ခန့် ကယ်ဆယ်ရေးစခန်း ၂၄ ခုတွင် ခိုလှုံ လျက်ရှိကြောင်း မွန်ပြည်နယ်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာနမှ သိရသည်။
ရေများ စတင်ဝင်ရောက်စဉ်ကပင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ရှောင်တိမ်းစေခဲ့သည့်အတွက် ကျိုက်ထိုမြို့နယ် တွင် ရေဘေးကြောင့် သေဆုံးသူ မရှိကြောင်း၊ ကျန်းမာရေးအတွက် စိုးရိမ်စရာ မရှိကြောင်းနှင့် အခြားပရဟိတအဖွဲ့များကလည်း လာရောက်လှူဒါန်းသည့်အတွက် လက်ရှိတွင် အထောက်အပံ့များ လုံလောက်မှုရှိကြောင်း ကိုဟန်ဝင်းမြတ်က ပြောသည်။
ကျိုက်ထိုမြို့နယ်သည် ယမန်နှစ် ရေကြီးသည့်ကာလတွင် အဝေးပြေးလမ်းမသည် ရေ ၃ ပေခန့် နစ်မြှုပ်ခဲ့သော်လည်း ယခုနှစ်တွင် တစ်ပေကျော်ခန့်သာ ရှိသည်ဟုလည်း သူက ပြောသည်။
မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အချို့ဒေသများတွင် ဇူလိုင်လ နှောင်းပိုင်းမှ စ၍ ရေကြီး ရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ရေဘေးသင့် ဒုက္ခသည်များ အတွက် နိုင်ငံတော်မှ ကယ်ဆယ်ရေးနှင့် အထောက်အပံ့များ နှောင့်နှေးလျက်ရှိသည်ဟု လူမှုကူညီရေးအဖွဲ့များ က ဝေဖန်ကြသည်။
လက်ရှိ ရေဘေးအဆိုးဝါးဆုံးခံနေရသည့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် သဘာဝဘေးဒဏ်ကျရောက်နေသော နေရာဒေသများအဖြစ် အစိုးရက ဇူလိုင် ၃၁ ရက်နေ့က ကြေညာခဲ့သည်။







