SD အဖွဲ့ဝင် နိုင်ဟံသာက “အစည်းအဝေးပြီတာတော့ ပြီးတယ်။ အစိုးရဘက်ကလည်း အထက်ကို မေးရမယ့် အချက်တွေ ရှိနေသလို ကျနော်တို့ဘက်ကလည်း အထက်ကို တင်ပြဖို့ အချက်တွေ ရှိနေသေးတယ်။ အချက် ၁၃ ချက်ထဲမှာ ၁၀ ချက်လောက်ကတော့ အဆင်ပြေတယ်။ ကျန်နေတဲ့ ၃ ချက်ကိုတော့ အဖြေမပေးနိုင်ကြဘူး”ဟု ပြောသည်။
ယင်းဆွေးနွေပွဲကို ဇူလိုုင်လ (၂၂) ရက်နေ့မှ (၂၄) ရက်နေ့အထိ ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်းဗဟိုဌာနတွင် ပြုလုပ်ခဲ့ရာ အစိုးရကိုယ်စားလှယ်တွင် ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် UPWC ၁၅ ဦးအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွင် အဖွဲ့ခေါင်းဆောင် နော်စီဖိုးရာစိန် ဦးဆောင်သည့် SD ၁၅ ဦးအဖွဲ့၊ မြန်မာ့ ငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူများ၊ နည်းပညာအထောက်အကူပြုအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
“အခက်အခဲတော့ နည်းနည်းရှိနေသေးတယ်။ တချို့ကိုတော့ ကျနော်တို့လည်း အဖြေမပေးနိုင်သေး ဘူး။ လာမယ့် လဆန်းပိုင်း မှာ ပြန်တွေ့ဖို့ ရှိပါဦးမယ်။ အဲဒီအခါကျရင်တော့ တိကျတဲ့ အဖြေပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်”ဟု နိုင်ဟံသာက ဆက်ပြောသည်။
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်တွင် သမ္မတ လက်မှတ်ရေးထိုးမည့် အချက်၊ နိုင်ငံတကာသက်သေများ ဖိတ်ကြားမည့်အချက်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင်ရမည့် တောင်းဆိုချက်ကိုလည်း အစိုးရကိုယ်စားလှယ်ဘက်မှ အဖြေမေပးနိုင်သေးကြောင်း သူက ဆက်ပြောသည်။
မြန်မာ့ငြိမ်းချမ်းရေးစင်တာ အကြီးတန်းအကြံပေးအရာရှိ ဦးလှမောင်ရွှေက “လော်ခီးလာက အဆိုပြု ထားတဲ့ အချက် ၁၃ ချက်လုံးကိုတော့ ဆွေးနွေးလို့ ပြီးပါပြီ။ တိုင်းရင်းသားတွေဘက်က အဆိုပြုတဲ့ အချက်အလက်တွေကိုလည်း အစိုးရဘက်က နားလည်ပြီး ညှိနှိုင်းပေးပါတယ်။ ၁၇ လကြာ လုပ်ထားခဲ့တဲ့ NCA မူကြမ်း အနှစ်အရသာတွေကို မပျောက်စေလိုပါ”ဟု ပြောသည်။
လာမည့် နိုဝင်ဘာလ ပါတီစုံ ထွေထွေရွေးကောက်ပွဲမတိုင်မီ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ရန် မျှော်လင့်ကြောင်းနှင့် NCA လုပ်ဆောင်ရသည့် အဓိက ရည်ရွယ်ချက် (၃) ချက်ကိုလည်း အဆိုပါဆွေးနွေးပွဲတွင် UPWC ဒုဥက္ကဌ ဦးအောင်မင်းက မိန့်ခွန်းပြောကြားခဲ့သည်။
NCA စာချုပ် ရည်ရွယ်ချက်များမှာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို နောင်မည်သည့် အစိုးရတက်တက် ဆက်လက်လုပ်ဆောင်သွားမည်ဟူသည့် အုတ်မြစ်တစ်ခုချနိုင်ခြင်း၊ အပစ်အခတ်ရပ်စဲရေး ခိုင်ခန့်အောင် လုပ်ဆောင်ခြင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲများစတင်နိုင်ရန် စသည့် အချက်များ ပါဝင်သည်ဟု ဆိုသည်။
ဆွေးနွေးပွဲကျင်းပအပြီး နှစ်ဖက်ကိုယ်စားလှယ်များ ပူးတွဲသတင်းထုတ်ပြန်ချက်၌ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ်(အတည်ပြုမူကြမ်း) အမြန်ဆုံး ချုပ်ဆိုနိုင်ရေးနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများကို အမြန်ဆုံးကျင်းပကာ ရေရှည်တည်တံ့ခိုင်မြဲ သည့် ငြိမ်းချမ်းရေး ရရှိရေး အတွက် ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်ဟု ရေးသားဖေါ်ပြထားသည်။
အလားတူ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ Facebook စာမျက်နှာတွင် “ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့၌ တိုက်ခိုက်မှုများ ပြင်းထန်လာကြောင်း သတင်းများအပေါ် တွင် အမေရိကန်သံရုံးက များစွာ စိုးရိမ်မိပါသည်။ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် အကာအကွယ်မဲ့သော လူ့အဖွဲ့အစည်းများသည် မလိုလားအပ်ဘဲ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသလို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် မရှိမဖြစ်သော ယုံကြည်မှုကို လည်း ပျက်ပြားစေပါသည်။ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူများ၏ လိုအပ်ချက်များကို ဦးစားပေးရန်နှင့် ထိခိုက်နစ်နာ ရသူအားလုံးကို လူသားချင်းစာနာသော အကူအညီများပေးရန် မိမိတို့က အာဏာပိုင်များအား တိုက်တွန်းအပ်ပါသည်။ စစ်မှန်၍ တည်တံ့သော ငြိမ်းချမ်းရေးရရှိစေရန် သက်ဆိုင်သူအားလုံးက သည်းခံခြင်းတရား ထားရှိရန်နှင့် ဆွေးနွေးညှိနှိုင်းကြရန် ကျွနု်ပ်တို့က မေတ္တာရပ်ခံအပ်ပါသည်”ဟု ရေးသားဖေါ်ပြထားသည်။







