မွန်ပြည်နယ်အခြေခံမဲဆန္ဒရှင်စာရင်းတွင် ကျေးရွာအချို့၌ သေဆုံးသူများပါဝင်နေ

မွန်ပြည်နယ်အခြေခံမဲဆန္ဒရှင်စာရင်းတွင် ကျေးရွာအချို့၌ သေဆုံးသူများပါဝင်နေ
မွန်ပြည်နယ်အတွင်း ထုတ်ပြန်ထားသည့် အခြေခံမဲဆန္ဒရှင်စာရင်းများအရ ကျေးရွာအချို့၌ သေဆုံးသူများ၏ အမည်စာရင်းများပါဝင်နေကြောင်း တွေ့ရှိနေရသည်ဟု သံဖြူဇရပ်မြို့နယ်၊ ဝါခရူကျေးရွာ ရွေးကောက်ပွဲကော်မရှင်ခွဲ ဥက္ကဌ နိုင်ညာဏ်က ပြောသည်။

 “ကျနော်တို့ရွာမှာ သေဆုံးပြီးသူတွေ စားရင်းပါနေတာ တွေ့ရှိတယ်၊ အရေအတွက် အတိအကျတော့ မပြောနိုင်သေးဘူး၊ အခု ၁၀ ယောက်နီးပါးလောက်တော့ စာရင်းရနေပြီ၊ ဒါတွေကို စာရင်းထဲကနေ ပြန်ထုတ်လိုက်ပါမယ်” ဟု ပြောသည်။

သေဆုံးသူများ ပါဝင်နေမှုကို ပြန်လည်စိစစ်ပြီး ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ထားသည့် နည်းစနစ်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမည်စာရင်းမပါဝင်သူများကိုလည်း ပြန်လည်လျှောက်ထားနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

သေစာရင်းပါဝင်နေမှုနှင့် အမည်စာရင်းမပါဝင်သူများ၊ အချက်အလက်မှားယွင်းနေသူများအတွက် ပြန်လည်ပြင်ဆင်နိုင်ရန် စီစဉ်ထားပေးနေကြောင်း ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်ခွဲက ပြောသည်။

သံဖြူဇရပ်မြို့ ရပ်ကွက်တစ်ခုမှ ရွေးကောက်ပွဲကော်မရှင်ခွဲ အတွင်းရေးမှူး ဒေါ်ချိုချိုဝင်းက “ကျမတို့ရပ်ကွက်မှာ သေစာရင်းပါနေသူက မရှိသလောက်ပဲ၊ ဘာလို့လည်းဆိုတော့ လူသေရင် ရုံးမှာ သေစာရင်း လာလုပ်ရတယ်၊ အဲဒီတော့ သေဆုံးသူတွေကို ကျမတို့ စာရင်းထဲကနေ အပြီးထုတ်လိုက်တယ်” ဟု ပြောသည်။

မြို့ပေါ်နေထိုင်သူများ သေလျှင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးတွင် သေစာရင်းပြုလုပ်ပြီးမှသာ စည်ပင်မှ သဂြိုလ်ခွင့်ပြုကြောင်း၊ ထို့ကြောင့် မိမိတို့ မြို့ပေါ်တွင် သေစာရင်းပါဝင်သူ နည်းပါးကြောင်း၊ သို့ရာတွင် အခြားသော အချက်အလက်မှားယွင်းမှု အနည်းအကျဉ်းရှိကြောင်း ၎င်းက ဆက်ပြောသည်။

သို့သော်လည်း ထိုကိစ္စနှင့် ပတ်သက်၍ သံဖြူဇရပ်မြို့ခံတဦးက “ဒီလိုသေစာရင်းပါနေတာကလည်း သူတို့မိသားစုတွေ ကွယ်လွန်ပြီး ရုံးမှာ သေစာရင်းလုပ်ပြီးပေမယ့် အိမ်ထောင်စုစာရင်းပုံစံ ၁၀ ကနေ မထုတ်ထားသေးလို့ အခုလိုစာရင်းပါနေတာဖြစ်တယ်” ပြောသည်။

ထုတ်ပြန်သည့် မဲစာရင်းတွင် ကွယ်လွန်ပြီးသူများနှင့် မဲပေးနိုင်ခွင့်မရှိသူများ ပါဝင်နေလျှင် အထောက်အထားနှင့်အတူ ပုံစံ (၄) ဖြင့် ကန့်ကွက်နိုင်ကြောင်း၊ မဲစာရင်းတွင် မိမိအမည်မပါလျှင် ပုံစံ (၃) ဖြင့် လျှောက်ထားနိုင်ကြောင်း၊ အချက်အလက်များ မမှန်ကန်လျှင် ပုံစံ (၄ – ဂ) ဖြင့် ပြန်လည် လျှောက်ထားနိုင်ကြောင်း ရွေးကောက်ပွဲပညာပေး ပိုစတာ၊ လက်ကမ်းစာစောင်များတွင် ဖော်ပြထားသည်။

“ကျနော်တို့နာမည်နဲ့ မှတ်ပုံတင်ပါမပါ မှန်မမှန်လာကြည့်တာပါ၊ ဘာလို့လဲဆိုတော့ မဲထည့်ဖို့အခွင့်အရေး ဆုံးရှုံးမှာစိုးလို့၊ ကျနော်တို့နိုင်ငံဟာ ပြုပြင်ပြောင်းလဲမူတွေ လုပ်နေတယ်၊ အဲဒီပြုပြင်ပြောင်းလဲမှုတွေမှာ ကျနော်တို့ ပြည်သူတွေလည်းပါဝင် သင့်တယ်လို့ မြင်တယ်” ဟု ၎င်းမြို့ခံက ပြောသည်။

အလားတူ အခြားသောမြို့နယ်၊ ကျေးရွာများတွင်လည်း အခြေခံမဲစာရင်းအချက်အလက်မှားယွင်းမှုများ ဖြစ်ပေါ်နေသည် ကို လေ့လာသိရှိရသည်။

ထုတ်ပြန်ထားသော အခြေခံ မဲဆန္ဒရှင်အရေအတွက်တွင် မွန်ပြည်နယ် ၁၀ မြို့နယ်အနက် မော်လမြိုင်မြို့နယ် အများဆုံးနှင့် ကျိုက်ထိုမြို့နယ် အနည်းဆုံးဖြစ်ပြီး ပြည်နယ်တစ်ခုလုံးတွင် မဲဆန္ဒရှင် ၁၄ သိန်းကျော် ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော် မရှင်ခွဲစာရင်းအရ သိရသည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...