ဇွန်လ ၈ ရက်နေ့တွင် အခြေခံမဲဆန္ဒရှင်စာရင်း ကြေညာမည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ပြော

ဇွန်လ ၈ ရက်နေ့တွင် အခြေခံမဲဆန္ဒရှင်စာရင်း ကြေညာမည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ပြော
ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲပြုစုထားသည့် အခြေခံမဲဆန္ဒရှင်စာရင်းကို လာမည့်ဇွန်လ ၈ ရက်နေ့တွင် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရုံးများတွင် စတင်ကြေညာသွားမည်ဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိက ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မီဒီယာများတွေ့ဆုံပွဲတွင် ပြောသည်။

ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်လင်းထက်က “အခုကပ်မှာက အခြေခံမဲဆန္ဒရှင် စာရင်းပါ၊ ပြည့်စုံမှန်ကန်တဲ့ မဲဆန္ဒရှင်စာရင်းမဟုတ်သေးပါဘူး၊ ဇွန်လ ၈ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ၁၄ ရက်ကပ်သွားမယ်၊ ဒီစာရင်းထဲ နာမည်မပါတဲ့လူတွေက ရပ်ကျေးကော်မရှင်မှာ ပြန်လျှောက်လို့ရပါတယ်” ဟု ဆိုသည်။

ယခု ကြေညာမည့် အခြေခံမဲဆန္ဒရှင်စာရင်းသည် ရပ်ကွက်၊ ကျေးရွာခွဲ စုစုပေါင်း ၁၂၆၈ နေရာတွင် ကြေညာသွားမည်ဖြစ်ပြီး၊ ထိုစာရင်းထဲတွင် ရဲတပ်ဖွဲ့ဝင်များ၊ တပ်ရင်းမိသားစုဝင်များ၊ ရက်ပေါင်း ၁၈၀ နေထိုင်သူများ၊ ဝန်ထမ်းစာရင်းများ ပါဝင်မည်မဟုတ်သေးကြောင်း သိရသည်။

ထိုအခြေခံမဲဆန္ဒရှင်စာရင်းကို ရုံးချိန်မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ အချိန်ကန့်သတ်ထားသော်လည်း ရုံးလုပ်ငန်း လုပ်ကိုင်နေသူများ ကြည့်ရှု့နိုင်ရန် ညနေ ၆ နာရီအထိ အချိန်တိုးမြှင့်ပေးသွားမည်ဖြစ်သည်။

“ပြည့်စုံမှန်ကန်တဲ့ မဲဆန္ဒရှင်စာရင်း ရလာတဲ့အချိန်ကျတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကိုယ့်နာမည်စာရင်း ပါ၊ မပါကို အွန်းလိုင်းမှာ ကြည့်နိုင်အောင်လည်း စီစဉ်နေပါတယ်၊ ဒီ ပြည့်စုံမှန်ကန်တဲ့ မဲဆန္ဒရှင်စာရင်း ရဖို့အတွက်က ကော်မတီဝင်တွေနဲ့ လူမှုအခြေပြုအဖွဲ့အစည်းတွေ မီဒီယာတွေ ပူပေါင်းပြီး တိုက်တွန်း ပညာပေးမှသာ ရနိုင်မှာပါ” ဟု ဦးဟိဏ်လင်းထက်က ဆက်ပြောသည်။

ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကောက်ယူရရှိထားသည့် မွန်ပြည်နယ်အတွင်းရှိ အခြေခံ မဲဆန္ဒရှင်စာရင်း တွင် မော်လမြိုင်မြို့နယ်သည် မဲဆန္ဒရှင်ဦးရေ အများဆုံးဖြစ်ပြီး ကျိုက်ထိုမြို့နယ်သည် မဲဆန္ဒရှင်ဦးရေ အနည်းဆုံးဖြစ်ကြောင်း၊ မွန်ပြည်နယ် ၁၀ မြို့နယ်ရှိ မဲဆန္ဒရှင်ဦးရေးပေါင်းမှာ တစ်ဆယ့်လေးသိန်း နှစ်သောင်း (၁,၄၂၀,ဝဝဝ) ကျော်ခန့် ရှိကြောင်း သိရသည်။

အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ခွဲမှ ထုတ်ထားသည့် လက်ကမ်းစာစောင်များ၊ အသိပေးအစီအစဉ်များကို ရေဒီယို၊ ရုပ်သံများအပြင် တိုင်းရင်းသားဘာသာနှင့်လည်း ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

မေလ ၂၇ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး ခန်းမတွင် ပြုလုပ်သည့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မီဒီယာများတွေ့ဆုံပွဲတွင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသိန်းထွန်းအေး၊ အတွင်းရေးမှူး ဦးလှိုင်စိုးသန့်နှင့် အဖွဲ့ဝင်များ၊ မီဒီယာ ၁၂ ဖွဲ့တို့ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

အလားတူ လွန်ခဲ့သည့် ၂၅ ရက်နေ့တွင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် လူမှုအခြေပြုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပြီး၊ လာမည့် ဇွန်လ ၄ ရက်နေ့တွင်လည်း ပြည်နယ်အဆင့် ပါတီ (၆) ပါတီနှင့် တွေ့ဆုံရန်ရှိကြောင်း သိရသည်။

အခြေခံမဲစာရင်းကြေညာချက်(IMNA)

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...