မုဒုံမြို့နယ်တွင် သဘာဝအင်းမှ အိမ်ခြံမြေအဖြစ် ပြောင်းလဲခြင်းကို ကန့်ကွက်ဆန္ဒပြ

မုဒုံမြို့နယ်တွင် သဘာဝအင်းမှ အိမ်ခြံမြေအဖြစ် ပြောင်းလဲခြင်းကို ကန့်ကွက်ဆန္ဒပြ
အင်းမြေကိုရောင်းချသည့်အတွက်ရွာသားများဆန္ဒပြနေပုံ
အင်းမြေကိုရောင်းချသည့်အတွက်ရွာသားများဆန္ဒပြနေပုံ
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ တံခွန်တိုင်ကျေးရွာနှင့် ဝက်တဲကျေးရွာရှိ သဘာဝအင်းနေရာများအား အိမ်ခြံမြေအဖြစ် ရောင်းချခဲ့ သည့်အတွက် တံခွန်တိုင်ကျေးရွာ ကြာကန်အင်းမှ ဝက်တဲကျေးရွာအင်းအထိ လူအင်အား ၁၅၀ ကျော်ခန့် ဧပြီလ ၂၉ ရက်နေ့က ၃ မိုင်ကျော် လမ်းလျှောက် ကန့်ကွက်် ဆန္ဒပြခဲ့ကြသည်။

နံနက် ၆ နာရီခွဲမှ စတင်ခဲ့သော ထို ဆန္ဒပြပွဲတွင် ပါဝင်ဆန္ဒပြသူများသည် “သဘာဝအင်းများကို သဘာဝအတိုင်း ပြန်လည်ဖော် ထုတ်ရေး၊ အခြေခံဥပဒေ ပုဒ်မ (၄၅) အရ တိကျစွာ အကောင်ထည်ဖော်ရေး၊ သဘာဝအင်းကြီး ပျောက်ပျက်အောင် မဆောင်ရွက်ပါနှင့်” ဟု ကြွေးကြော်ကာ ဆန္ဒပြခြင်း ဖြစ်သည်။

ဝက်တဲကျေးရွာမှ ဆန္ဒပြသူတစ်ဦးဖြစ်သူ ဦးမောင်မြင့်က “မုဒုံက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို တိုင်တယ်၊ ပြည်နယ်ကိုလည်း တိုင်ထားတယ် ဒါပေမယ့်ဘာမှလည်း အကြောင်းမပြန်ဘူး၊ အဲဒါကြောင့် ဖော်ဖော်ဝါရီလ ၂ ရက်နေ့က နေပြည်တော်ကို သွားတိုင်တယ်၊ အဲဒါလည်း သူတို့ဘာမှ အကြောင်းမပြန်ဘူး၊ ဒီအင်းကို သဘာဝအတိုင်း ထားဖို့ ဆန္ဒပြမယ်ဆိုပြီးတော့ မြို့နယ်မှာ တရားဝင် စာတင်တယ်၊ သူတို့ခွင့်ပြုလို့ အခုလိုဆန္ဒပြတာ”ဟု ပြောသည်။

ထိုသို့ တာဝန်ရှိသူများကို တိုင်ကြားထားသော်လည်း တစုံတရာ အကြောင်းပြန်ကြားခြင်းမရှိကြောင်း ၎င်းက ဆိုသည်။

တံခွန်တိုင်ရွာမှ ဆန္ဒပြသူတစ်ဦးဖြစ်သူ ဦးမြင့်နိုင်က “ဒီကြာကန်အင်းကြီးကို သုံးလပိုင်း ၁၈ ရက်နေ့က အင်းပေါ်မှာ မြေကွက်ရိုက်ပြီး ရွာအုပ်ချုပ်ရေးမှူးတွေက မြေကွက်ချပြီးတော့ မည်သူမဆို လျှောက်လွှာနဲ့ လာရောက် လျှောက်ထားနိုင်ပါတယ် ဆိုပြီး အင်းကို သူရောင်းစားဖို့အတွက် အသံချဲ့စက်နဲ့ ရွာလှည့်ပြီး ကြေညာခဲ့တယ်” ဟု ပြောသည်။

တံခွန်တိုင်ကျေးရွာရှိ ကြာကန်အင်းကြီးသည် ဧက ၆၀ ခန့် ကျယ်ဝန်ပြီး မြေကွက် ၄၃ ကွက် သတ်မှတ်လျာထားပြီး ရောင်းချခြင်း မရှိသေးသော်လည်း ဝက်တဲကျေးရွာရှိ ဝက်တဲအင်းသည် ၁၄ ဧကခန့် ရှိပြီး မြေကွက် ၅၄ ကွက်သတ်မှတ်ကာ ကျပ် ၅ သိန်း မှ ၂၅ သိန်းအထိ နှုန်းထားများ သတ်မှတ်ထားကြောင်း ဆန္ဒပြသူများက ဆိုသည်။

ယခုကဲ့သို့ ကန့်ကွက်ခြင်းသည် ၎င်းတို့၏ တစ်ဦးတစ်ယောက်အတွက် မဟုတ်ကြောင်း ဒေသခံပြည်သူများ အတွက်သာဖြစ်ကြောင်း၊ ယခင်ကာလကတည်းက အင်းပတ်ဝန်းကျင်တွင် သဘာဝအရ စိမ်းလန်းစိုပြေလျှက် ရှိပြီး၊ ထိုအင်းများ တည်ရှိလာခဲ့သည်မှာ နှစ်ပေါင်းကြာမြင့်ပြီဖြစ်သည့်အတွက် ဒေသခံများက သဘာဝအတိုင်း တည်ရှိလိုသောကြောင့် အင်းမြေများရောင်းချခြင်းကို ကန့်ကွက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...