MNP ပါတီအား ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ခေါ်ယူ သတိပေး

MNP ပါတီအား ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ခေါ်ယူ သတိပေး
ကျောင်းသားသပိတ်မှောက်ဆန္ဒပြပွဲနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသားပါတီတို့၏ ပူးတွဲထုတ်ပြန် ကြေညာချက်ကြောင့် ပြီးခဲ့သည့် ဧပြီလ ရ ရက်နေ့ နံနက် ၁၀ နာရီခွဲက မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက မွန်အမျိုးသားပါတီကို ခေါ်ယူတွေ့ ဆုံပြီး သတိပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မွန်အမျိုးသားပါတီသည် မွန်ပြည်သစ်ပါတီ နှင့် လွန်ခဲ့သည့် မတ်လ ၁၂ ရက်နေ့တွင် ပူးတွဲ ကြေညာချက် ထုတ်ပြန်ထားသည့် ကိစ္စရပ်နှင့် ပတ်သက်၍ မွန်အမျိုးသားပါတီ၏ တာဝန်ရှိသူ ၃ ဦးအား မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့တွင် ဖိတ်ကြားစာပေးပို့ခဲ့ခြင်းဖြစ်သည်။

ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအား သွားရောက်တွေ့ဆုံခဲ့သူ မွန်အမျိုးသားပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်စိုးမြင့်က “ရွေးကောက်ပွဲကော်မရှင်က ကျနော်တို့ကို ဒီလိုသတိပေးတာကို လက်မခံပါဘူး၊ ပြည်နယ်အစိုးရက ဖိအားပေးလို့ အခုလို ကော်မရှင်က အသိပေးတာလည်းမဟုတ်ဘူး၊ ဒီကြေညာချက်ကိုလည်း ပြည်နယ်အစိုးရက သိပြီးသားဖြစ်တယ်” ဟုဆိုသည်။

သတိပေးမှုမှတ်တမ်းကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ အသိပေးကြောင်း လက်မှတ်ကို ရေးထိုးစေခဲ့ပြီး မွန်အမျိုးသားပါတီမှ တွေ့ဆုံခဲ့ကြောင်း မှတ်တမ်းကို လက်မှတ်ထိုးခဲ့သော်လည်း သတိပေးမှု အဆင့်ကို လက်မခံကြောင်း ၎င်းက ဆက်ပြောသည်။

သတိပေးခေါ်ဆိုမှု မှတ်တမ်းတွင် (၁) မွန်အမျိုးသားပါတီသည် မွန်ပြည်သစ်ပါတီ (ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ငြိမ်းချမ်းရေးကိစ္စရပ်များ ညှိနှိုင်းဆဲ) နှင့် ပူးတွဲကြေညာချက်ထုတ်ပြန်သည့် ကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀၅ နှင့် ၄၀၇ ပါ ပြဋ္ဌာန်ချက်များနှင့် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၂ တို့အား တိကျစွာ လိုက်နာဆောင်ရွက်သွားရေး မွန်အမျိုးသားပါတီအား မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ အထက်ရည်ညွန်းစာပါ လုပ်ပိုင်ခွင့်ဖြင့် သတိပေးကြောင်း မှတ်တမ်း ထားရှိအပ်ပါသည် (၂) မွန်အမျိုးသားပါတီအနေနှင့် ခေါ်ယူသတိပေးမှုကို သိရှိနားလည်ပါကြောင်း အောက်တွင် လက်မှတ်ရေးထိုးပါသည် ဟူ၍ ပါဝင်သည်။

ယင်းကဲ့သို့ ခေါ်ယူသတိပေးသော်လည်း မွန်ပြည်သစ်ပါတီကို မတရားအသင်းအဖြစ် အသိအမှတ်ပြုထားခြင်း မရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပြောကြားခဲ့သည်ဟု နိုင်စိုးမြင့်က ပြောသည်။

ပူးတွဲကြေညာချက်တွင် ကျောင်းသားများ၏ အမျိုးသားပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေးလှုပ်ရှာမှုကို အပြည့်အဝ ထောက်ခံကြောင်း၊ ပညာရေးဥပဒေကို သပိတ်မှောက်နေသည့် ကျောင်းသား၊ ပြည်သူနှင့် မီဒီယာသမားများကို ရဲတပ်ဖွဲ့မှ အင်းအားသုံး ဖြိုခွဲမှုကို အပြင်းအထန် ကန့်ကွက်ရုတ်ချကြောင်း၊ ဖမ်းဆီးခံရသူများကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ စေ့စပ်ညှိနှိုင်းဆွေးနွေးအဖြေရှာရန် တိုက်တွန်းကြောင်း၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်ခွင့်ကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာ သည့်အထိ နှစ်ပါတီမှ တိုက်ပွဲဝင်သွားမည်ဟု ဖေါ်ပြထားသည်။

ယင်းတွေ့ဆုံမှုကို မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး (ခရိုင်ထွေ/အုပ် ရုံးဝန်းအတွင်း)တွင် တွေ့ဆုံခဲ့ပြီး ပြည် နယ်ရွေးကောက်ပွဲကော်မရှင်မှ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသိန်းထွန်း၊ အဖွဲ့ဝင် ဦးလွန်းငွေ၊ အဖွဲ့ဝင် ဦးမြင့်သိန်းထွန်း၊ ဒေါ်နုနုရီ၊ ဦးလှိုင်စိုးသန့်၊ ဦးဟိဏ်းလင်းထက်တို့ တက်ရောက်ခဲ့ပြီး မွန်အမျိုးသားပါတီဘက်မှ တွဲဖက်အတွင်းရေးမှူး (၁) နိုင်စိုးမြင့်နှင့် နိုင်မောင်ညွှန့်တို့ တက်ရောက်ခဲ့သည်။

10606372 446227678886531 7603376854514023129 n-1

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...