“မော်လမြိုင် အကျဉ်းထောင်၏ အဆောက်အဦးများနှင့် မြေနေရာအား ပုဂ္ဂလိက အဖွဲ့အစည်းများသို့ ရောင်းရန် အစီအစဉ်မရှိပါ။ အကျဉ်းထောင်သစ်နေရာသို့ ပြောင်းရွှေပြီးပါက မော်လမြိုင်အကျဉ်းထောင်မှာ ပြည်ထဲရေးဌာနပိုင်မြေ ဖြစ်၍ မြို့ပြဖွံ့ဖြိုးရေးအတွက် မွန်ပြည်နယ် အစိုးရအဖွဲ့မှ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ ညှို့နှိုင်းဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြောကြားအပ်ပါသည်”ဟု ဗိုလ်မှူးကြီး ဌေးမြင့်အောင်က ပြောသည်။
အဆိုပါ ထောင်ပြောင်းရွှေ့မှုကို ၃ နှစ်စီမံချက်ဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှ စတင်ပြုလုပ်ခဲ့ရာ အဆောက်အဦးများ ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အပြီးသတ်လုပ်ဆောင်မည်ဖြစ်ကြောင်း မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင် ၏ ပြောကြားချက်မှ သိရသည်။
အကျဉ်းထောင်ပြောင်းရွှေ့မှုကြောင့် မော်လမြိုင်ပြည်သူများ ကြီးမားသည့် ထိခိုက်နစ်နာစရာ မရှိသော်လည်း ထောင်မြေနေရာကို အစိုးရမှ ပုဂ္ဂလိကအဖွဲ့အစည်းများအား ရောင်းချလိုက်မည်ကို မြို့ခံများစိုးရိမ်နေကြကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။
“မော်လမြိုင်က သိတဲ့အတိုင်းပဲ အရင်က ရာမညကွင်းဆိုလည်း အခုဆိုမရှိတော့ဘူး။ အရင်တုန်းကလို ပွဲလမ်းသဘင်ကြီးကြီးတွေ ကျင်းပနိုင်မယ့် နေရာမရှိတော့ဘူး၊ အခြားနေရာတွေကလည်း ရှောပင်းမော (shopping mall) တွေ ဖွင့်လိုက်တော့ တော်တော်လေး နေရာမရှိတော့ဘူး၊ ဒီထောင်ကိုလည်း ပုဂ္ဂလိကကို ပေးမယ်ဆိုတဲ့ သတင်းထွက်နေတယ်၊ ဒါကြောင့် ဒီမေးခွန်းကို မေးရတာပါ။ ဒီထောင်ရွှေ့ပြီးရင်လည်း ပြည်သူတွေကနေ ဘာလုပ်သင့်တယ်ဆိုတာ အကြံပြုပြီး အစိုးရဆီကို တင်ပြတောင်းဆိုသင့်တယ်လို့ မြင်တယ်”ဟု ဦးအောင်နိုင်ဦးကဆက် ပြောသည်။
၂၀၁၅-၂၀၁၆ ခုနှစ်တွင် မော်လမြိုင်မြိုနယ့်မှ ကျိုက်မရောမြို့နယ်သို့ ပြောင်းရွှေမည့် အကျဉ်းထောင်သည် ရေတွင်းကုန်းကျေးရွာအနီး ကွင်းအမှတ် ၅၈၆-၅၉၀ ရှိ မြေဧက ၂၅၆ ဧက ပေါ်တွင် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။







