“ဒီဇိုင်းအပေါ်မှာ မူတည်ပြီးတော့ တစ်ရက်မှာ ၁ ထည်ကနေ ၃ ထည်ထိပြီးနိုင်ပါတယ်။ တစ်ထည် ရောင်းစျေးက တစ်သောင်းကျပ်ထိ ရပြီးတော့ တစ်ချို့ဆိုရင် တစ်လကို တစ်သိန်းကျော် နှစ်သိန်း ကျပ်ထိ ကိုက်ပါတယ်။ ဒီနှစ်မှ စပြီးတော့အဆင်ပြေတာပါ။ အရင်ကာလကဆိုရင် တစ်လကို တစ်သောင်းကျပ်တောင် မကိုက်လို့ တချို့ဆိုရင် ရက်ကန်းလုပ်ငန်းကို စွန့်လွှတ်ခဲ့ရတဲ့ အဆင့် ထိတောင် ရှိပါတယ်”ဟု သူမကပြောသည်။
ရက်ကန်းလုပ်ငန်းလုပ်ကိုင်နေသည့် နောက်မိသားစုတစ်စုတွင်လည်း ရက်ကန်းရက်သူ ၅ ဦးရှိကာ တစ်လကို ဝင်ငွေ ၃ သိန်းကျော် ၄ သိန်းကျပ်အထိ ရရှိပြီး စားစရိတ် တစ်သိန်းခွဲ နှစ်သိန်းကျပ်ခန့်သာ ရှိသဖြင့် အဆင်ပြေသည်ဟု သိရသည်။
“အခုဆိုရင် ရက်ကန်းရက်သူ အမျိုးသမီးတိုင်းဟာ ရွှေဆွဲကြိုးတွေ ဆွဲနိုင်ကြတယ်။ ဒီဝါဘိုရွာက အမျိုးသမီးတွေ ဆိုရင် ရက်ကန်းမရက်တဲ့သူ မရှိသလောက်ပါပဲ။ ကိုယ့်အိမ်မှာ ရက်ကန်းစင် မရှိရင်တောင် သူများအိမ်တွေမှာ သွားရက်ကြပါတယ်။ ရက်ကန်းမရက်တတ်သူလည်း မရှိပါဘူး။ ကျွန်မတို့ ကျေးရွာဟာဆိုရင် ဘိုးဘေး စဉ်ဆက်ကတည်းကနေ ဒီရက်ကန်းလုပ်ငန်းနဲ့ အသက်မွေးလာကြတာပါ”ဟု အဘွားအိုတစ်ဦးက ပြောသည်။
ယခင်ရှေးနှစ်ပေါင်းများစွာက တွင်ကျယ်နေခဲ့သော ရခိုင် ရက်ကန်းလုပ်ငန်းသည် လွန်ခဲ့သော ၁၆-၁၇ နှစ်ခန့်ကစပြီး အဆင်မပြေဖြစ်နေခဲ့ရာမှ ၂၀၁၅ ခုနှစ်ဆန်းပိုင်းမှ စတင်ကာ ပြန်လည်ဦးမော့လာခဲ့သည်ဟု သိရသည်။
ယခုအခါ ရခိုင်အမျိုးသားများကလည်း ရခိုင်မှ ရက်လုပ်သော ရခိုင်ရိုးရာ ပန်းဖော်ဒယော (လုံချည်)စစ်စစ်ကိုမှ ရွေးချယ်ပြီး ခုံခုံမင်မင် ဝတ်လာကြရာမှ အခုအခါ ဝယ်လိုအားမှာ ကောင်းလာခဲ့သည်ဟု သိရသည်။
“အဆင်မပြေဖြစ်ခဲ့ရတာကတော့ စျေးကွက် ကျဉ်းလာပြီး ဗမာပြည်က စက်နဲ့ ရက်လုပ်တဲ့ ရခိုင်ရိုးရာ ပန်းဖော်အတုတွေ စျေးကွက်ကို တိုးဝင်လာတဲ့အတွက် ဖြစ်ပါတယ်။ ဒါ့ပြင် လာဝယ်ကြတဲ့ စာရေးမ တွေက တန်ရာ တန်ကြေး မပေးဘဲ စျေးနှိမ်ပြီး ကြားက ဖြတ်စားကြတာလည်း ပါဝင်ပါတယ်။ ဒီနှစ်မှာ တော့ ရက်ကန်းလုပ်ငန်း ပြန်လည်ဦးမော့လာပြီးတော့ အနီးအနားကျေးရွာတွေမှာလည်း တွင်တွင်ကျယ်ကျယ် လုပ်ကိုင်လာနေပြီ”ဟု အဆိုပါ အဘွားအိုက ပြောသည်။
ဝါဘိုကျေးရွာ၌ အကွက်ကို ကျွမ်းကျင်စွာဖေါ်၍ ရက်လုပ်တတ်သူ လေးဦးသာ ကျန်တော့ပြီး ၎င်းတို့မှာ ဒေါ်စောခင်သန်း၊ ဒေါ်လှနုဖြူ၊ ဒေါ်အေးသန်းနှင့် ဒေါ်လှဝင်းတို့ဖြစ်ကြောင်း သိရသည်။
လက်ရှိ ရက်ကန်းလုပ်ငန်းများကို လုပ်ကိုင်နေကြသော ကျေးရွာများမှာ ဝါဘိုကျေးရွာအပြင် တောကန်၊ သိန်းတန်၊ ကျားမသောက်၊ ကျောက်တန်းချေ၊ ရာတန်၊ ကံ့ကော်ကျွန်း ကျေးရွာများဖြစ်ကြပြီး အမျိုးသားရေးအမြင်ဖြင့် ယင်းဒေသရှိ ရခိုင်ရိုးရာ ရက်ကန်းလုပ်ငန်း ပြိုလဲမသွားရန် ရခိုင်စီးပွားရေး လုပ်ငန်းရှင်များက ကျားကန်ပေးရန် လိုအပ်နေကြောင်း သိရသည်။







