ဘုရားသုံးဆူ နယ်နိမိတ်တွင် ထိုင်းတို့ကျူးကျော်ထားသည်ဟု မြန်မာအစိုးရဘက်က ပြောဆိုနေသည်။ ပြောဆိုစရာ အကြောင်းအရာတွေလည်း ရှိနေပါသည်။ ထို့ကြောင့်၂၀၀၇ခုနှစ်တွင် ထိုင်းနိုင်ငံနှင့်နယ်နိမိတ်အငြင်းပွားမှုကို အကြောင်းပြုပြီး ဘုရားသုံးဆူနယ်ခြားဂိတ် တရားဝင်ဖြတ်ကျော်မှုကိုမြန်မာအစိုးရဘက်က တဖက်သတ်ပိတ်လိုက်သည်မှာ ယခုတိုင်ဖြစ်ပါသည်။
၂၆ နှစ်သမီး ဘုရားသုံးဆူမြို့
နဝတစစ်အစိုးရလက်ထက် ၁၉၉၀ ခုနှစ်တွင်ဘုရားသုံးဆူကို မြို့အဖြစ်သတ်မှတ်အကွက်ချပြီး စတင်တည်ဆောက်ခဲ့ရာ ဆေးရုံ၊ အထက်တန်းကျောင်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအပါအဝင် စည်ပင်သာယာရေး၊ ဆောက်လုပ်ရေး၊ သစ်တော၊လဝက၊ အကောက်ခွန်၊ ရဲတပ်ဖွဲ့၊ တပ်မတော်တပ်ရင်းရုံး၊ စစ်ဘက်ရေးရာလုံခြံရေးတပ်ဖွဲ့(စရဖ)၊ရဲအထူးသတင်းတပ်ဖွဲ့ SB၊မီးသတ်၊ ယာဉ်ထိန်းရဲမှအစ အစိုးရဌာနပေါင်းစုံရုံးဖွင့်လှစ်ထားရှိနိုင်ခဲ့ပြီး ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ်လက်အောက်ခံ မြို့နယ်ခွဲအဆင့်သတ်မှတ်ခဲ့ပါသည်။

မြို့ပေါ်တွင် တပ်မတော်တပ်ရင်းတစ်ရင်း၊ ရဲစခန်းတစ်ခုအပြင် မြို့ဧရိယာပြင်ပပတ်လည်တွင်လည်း အပစ်ရပ်တိုင်းရင်းသားလက််နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် KNU, မွန်ပြည်သစ်ပါတီ NMSP, DKBA, KNU/KNLA-PC ကရင်ငြိမ်းချမ်းရေးကောင်စီ၊ ABSDF, ကရင်နယ်ခြားစောင့်တပ် BGF နှင့်လက်နက်ချအဖွဲ့အစည်းအချို့နှင့့် အတူသက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့တို့၏ အကောက်ဂိတ်များ၊ လုံခြုံရေးဂိတ်များနှင့် အခြေစိုက်စခန်းများလည်း သူ့နေရာနှင့်သူရှိနေသောကြောင့် လက်နက်ကိုင်တပ်ပေါင်းစုအခြေစိုက်ရာ မြို့တစ်မြို့ကဲ့သို့ပင်ဆိုနိုင်ပါသည်။ စင်စစ်ဘုရားသုံးဆူမြို့သည် အစိုးရအုပ်ချုပ်မှုအောက်ရောက်ရှိခဲ့သည်မှာ၂၆နှစ်မျှသာရှိခဲ့ပါသေးသည်။
၁၉၉၀ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် တပ်မတော်မှ ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီ NMSP ဗဟိုဌာနချုပ်ကို ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။ ထို့ကြောင့် တပ်မတော်အစိုးရက နယ်မြေစိုးမိုးထိန်းချုပ်နိုင်ခဲ့ရာ ၈-၂-၁၉၉၀ ရက်နေ့တွင် မြို့အဖြစ်သတ်မှတ်တည်ထောင်နိုင်ခြင်း ဖြစ်သည်။ သို့သော်လည်း လက်ရှိကာလတွင် ဘုရားသုံးဆူမြို့ဧရိယာပေါ်တစ်ခုတည်း၌သာ အစိုးရအုပ်ချုပ်ရေးအာဏာသက်ရောက်မှုရှိနေသည်ကို တွေ့ရှိနေရပြီး မြို့၏မြောက်ဘက်တွင် NKU နှင့် တောင်ဘက်တွင် မွန်ပြည်သစ်ပါတီ NMSP တို့၏ ထိန်းချုပ်နယ်မြေ (နဝတ-မွန်ပြည်သစ်ပါတီ ၁၉၉၅ အပစ်ရပ်သဘောတူညီချက်)ဖြစ်နေသည်။
၁၉၈၈ ကျောင်းသားအရေးခင်းအပြီး မြန်မာနိုင်ငံလုံးဆိုင်ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ကျောင်းသားတပ်ဖွဲ့ဝင်များ ဘုရားသုံးဆူဒေသသို့ရောက်ရှိ အခြေစိုက်သည့်ကာလအထိ ဘုရားသုံးဆူသည် အိမ်ခြေအနည်းငယ်သာရှိသည့် ရွာငယ်လေးတစ်ရွာမျှသာ ဖြစ်နေခဲ့သည်။တိုင်းရင်းသားလက်နက်ကိုင် မွန်ပြည်သစ်ပါတီ NMSP ဗဟိုဌာနချုပ်နှင့် KNU တပ်မဟာ ၆ အခြေစိုက်ရာဒေသဖြစ်သဖြင့် မွန်ကရင် NMSP-KNU ပူးတွဲအုပ်ချုပ်ရေး ဒေသဖြစ်ခဲ့ပါသည်။
၁၉၈၀ ခုနှစ်ကျော်ကာလများမှစတင်၍ ထိုင်းနိုင်ငံနှင့် တရားမဝင် မှောင်ခိုပစ္စည်းအမျိုးမျိုး အပြန်အလှန်အရောင်းအဝယ်ပြုလုပ်ကြရာတွင် နှစ်နိုင်ငံကုန်သည်များ ဆုံရပ်နေရာဖြစ်သောကြောင့်လည်း ဘုရားသုံးဆူကိုပို၍ ထင်ရှားလူသိများစေခဲ့သည်။
ထို့ကြောင့် ၁၉၄၈ ခုနှစ်မြန်မာနိုင်ငံလွတ်လပ်ရေးစတင်ရရှိသည့်ကာလမှ ၁၉၉၀ ခုနှစ်ဆန်းပိုင်းအထိ ဘုရားသုံးဆူဒေသသည် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်နယ်မြေဖြစ်သောကြောင့် မြန်မာအစိုးရအုပ်ချုပ်ရေး အာဏာသက်ရောက်မှုမရှိခဲ့သဖြင့် နိုင်ငံနယ်နိမိတ်နေရာများကိုလည်း သတ်မှတ်နိုင်စရာမရှိဟု ယူဆရမည်ဖြစ်သည်။
လွတ်လပ်ရေးမရမီကာလ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ဂျပန်တပ်မတော်က ယိုးဒယား-မြန်မာ မီးရထားလမ်းကြီးဖောက်လုပ်ရာတွင် မြန်မာတိုင်းရင်းသား ၈၀ဝဝဝ ကျော်၊ မဟာမိတ် တပ်သား ၁၀ဝဝဝ ကျော်အသက်ဆုံးရှုံးခဲ့ရသဖြင့် သေမင်းတမန်မီးရထားလမ်း Death Railway ဟု နာမည်တွင်ခဲ့သည်။မြန်မာပြည်ဘက်ခြမ်းတွင် သံဖြူဇရပ်မြို့မှ စတင်၍ဘုရားသုံးဆူတောင်ကြားကိုဖြတ်လျက် ယိုးဒယားနိုင်ငံဘန်ပေါင် (Ban Pong) မြို့သို့မိုင်၂၅၀ရှည်လျားသည်။ ထို့ကြောင့်ဘုရားသုံးဆူသည်သမိုင်းအစဉ်အလာကြီးမားသောဒေသတစ်ခုဖြစ်ခဲ့ပါသည်။
ယိုးဒယား-မြန်မာနယ်နိမိတ်သဘောတူစာချုပ်
ဘုရားသုံးဆူဒေသသည် ရှေးယခင်က မွန်တို့၏ရာမညတိုင်းတွင် ပါဝင်နေသည်၊ မွန်တို့၏ ဟံသာဝတီနေပြည်တော်(ပဲခူး)အပါအဝင် ရာမညတိုင်းကို ခရစ်သက္ကရာဇ် ၁၇၅၇ ခုနှစ်တွင် ဗမာဘုရင် ဦးအောင်ဇေယျ သိမ်းပိုက်နိုင်ခဲ့သဖြင့် စစ်ရှုံးမွန်တို့ထိုင်းနိုင်ငံသို့အလုံးအရင်းဖြင့် ဝင်ရောက်ရွှေ့ပြောင်းခဲ့ရသည်။
ထိုနောက် ၁၈၂၄ အင်္ဂလိပ် -ဗမာ ပထမစစ်ပွဲတွင် ဗမာတို့ စစ်ရှုံးသဖြင့် ၁၈၂၆ခုနှစ်ဖေဖော်ဝါရီ၂၄တွင်ချုပ်ဆိုသောရန္တပိုစာချုပ်အရ ရခိုင်နှင့် မွန်တနင်္သာရီဒေသတို့ကို အင်္ဂလိပ်တို့အား ပေးအပ်လိုက်ရသည်။ ယခင်အင်္ဂလိပ်လက်ထက်တနင်္သာရီတိုင်းသည် တောင်ငူခရိုင်မှစပြီး တနင်္သာရီတိုင်း ကော့သောင်း မြို့နယ်တွင် အဆုံးသတ်သည်ဟု သမိုင်းမှတ်တမ်းတွင်ဖော်ပြထားသည်။ သို့နှင့်ဘုရားသုံးဆူဒေသသည် အင်္ဂလိပ်အုပ်ချုပ်မှုအောက်သို့ရောက်ရှိလာရသည်။
ထိုနောက် ၁၈၅၂-၅၄ ခုနှစ် အင်္ဂလိပ်-ဗမာဒုတိယစစ်ပွဲတွင် ဗမာတို့ထပ်မံစစ်ရှုံးသည့်အတွက် အောက်မြန်မာပြည်တစ်ခုလုံးကို အင်္ဂလိ်ပ်သိမ်းပိုက်ခဲ့စဉ်အထိ ယိုးဒယားနိုင်ငံနှင့် နယ်နိမိတ်ပိုင်းခြား သတ်မှတ်ခဲ့ခြင်းမရှိသေးပါ။ အင်္ဂလိပ်-ယိုးဒယား နှစ်နိုင်ငံအစိုးရ နယ်နိမတ်အငြင်းပွားမှုများရှိလာသောကြာင့် ၁၈၆၄ ခုနှစ်တွင် အင်္ဂလိပ်အစိုးရ အိန္ဒိယဘုရင်ခံလက်အောက်ခံ တနင်္သာရီအရေးပိုင် O’Riley ဦးဆောင်သောအဖွဲ့နှင့် ယိုးဒယားဘုရင့်နိုင်ငံတော် (The Kindom of Siam) ကိုယ်စားလှယ်ဖွဲ့တို့ ပူးပေါင်း၍ နယ်နိမိတ်တိုင်းတာသတ်မှတ်ခဲ့ကြသည်။
မြောက်ဘက် သောင်းရင်းမြစ်နှင့်သံလွင်မြစ်ဆုံမှ တောင်ဘက် ပါချန်မြစ်ဝ(ကော့သောင်း)အထိ တိုင်းတာမှုပြုလုပ်ခဲ့ကြပြီး ၁၈၆၈ ခုနှစ် ဖေဖေါ်ဝါရီလ ၈ ရက်နေ့၊ ဘန်ကောက်မြို့၌ “Convention regarding the Boundaries on the Mainland between the Kingdom of Siam and the British Province of Tenasserim, 1868” စာချုပ် ချုပ်ဆိုခဲ့ရာတွင် ဘုရားသုံးဆူ နယ်နိမိတ်ပိုင်းခြားမှုလည်း ပါဝင်သည်။ထို့နောက် ကျိုက်ခမီခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ဆက်စပ်နေသောနယ်နိမိတ်များကို၁၈၉၅-၉၆ ခုနှစ်တွင် အင်္ဂလိပ်-ယိုးဒယားနှစ်ဘက်ကိုယ်စားလှယ်များ ပြန်လည်တိုင်းတာခဲ့ကြသည်ဟု ဆိုသည်။
ထိုနောက် ၁၉၄၈ ခုနှစ်အင်္ဂလိပ်ထံမှ မြန်မာနိုင်ငံလွတ်လပ်ရေးရသည်အထိ ယိုးဒယားနိုင်ငံနှင့် နယ်နိမိတ်ပိုင်းခြားမှုကိစ္စများကို ထပ်မံအတည်ပြုခဲ့သည့်မှတ်တမ်းများ မတွေ့ရှိရပါ။ ထိုင်းနှင့် မြန်မာ မိုင်ပေါင်း ၁၃၁ဝ နယ်နိမိချင်းထိစပ်နေပြီး လွတ်လပ်ရေးရပြီးချိန်မှ လက်ရှိအချိန်ထိ ၃၆ မိုင်သာ တိုင်းထွာပြီးစီးသေးသည်ဟုမကြာသေးမီသတင်းစာရှင်းလင်းပွဲတရပ်တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထိုင်းပညာရှင်တစ်ဦးရေးသားသောဘုရားသုံးဆူနယ်နိမိတ်ပြဿနာ
ထိုင်းနိုင်ငံ ထမ္မာဆက်တက္ကသိုလ်မှ အရှေ့တောင်အာရှရေးရာလေ့လာသူလက်ထောက်ပါမောက္ခDulyapak Preecharushကထိုင်း၊မြန်မာ၊အင်္ဂလိပ်ဘာသာစာအုပ်၄၆အုပ်ကိုမှီငြမ်းပြုစု၍ထိုင်းဘာသာဖြင့်ရေးသားတင်ပြခဲ့သောBoundaries of Burma; History and Political Geograuphy စာတမ်းတွင် ဘုရားသုံးဆူဒေသနှင့်ပတ်သက်၍ အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့သည်။
ဘုရားသုံးဆူနယ်စပ်သည် ရှေးဗမာဘုရင်များအထူးသဖြင့် တပင်ရွှေထီးနှင့် ဘိုးတော်ဘုရားလက်ထက်တွင် ယိုးဒယားနုုိင်ငံသို့ စစ်ချီရာလမ်းကြောင်းတစ်ခုဖြစ်ခဲ့သည်။ ယခင်ကျောက်တုံးငယ်ဖြင့်တည်ခဲ့သော မွန်လက်ရာဘုရားသုံးဆူစေတီဟောင်းကို စံခလပူရီမြို့(ဘုရားသုံးဆူဒေသ-ထိုင်းနိုင်ငံ) အကြီးအကဲဖရဇ႘စုဝါန်ကခရေတ် သက္ကရာဇ်၁၉၂၉ခုနှစ်တွင်ထပ်မံပြင်ဆင်တည်ဆောက်ခဲ့သဖြင့် လက်ရှိပစ္စုပ္ပန်တွင် ပကတိအတိုင်း၆မီတာအမြင့်၅-၆မီတာခန့်စီအကွာရှိသည့် စေတီ၃ဆူကိုတွေ့မြင်နေရခြင်းပင်ဖြစ်သည်။
ဘုရားသုံးဆူနယ်နိမိတ်နှင့်ပတ်သက်သည့် ဝိဝါဒကွဲပြားမှုတွင် ယိုးဒယားဘုရင့်နိုင်ငံတော်နှင့် အင်္ဂလိပ်အစိုးရအိန္ဒိယဘုရင်ခံတို့ သဘောတူညီခဲ့ကြသည့်၁၈၆၈ခုနှစ်၊ ဖေဖေါ်ဝါရီလ၈ရက်နေ့၌ ချုပ်ဆိုခဲ့သောစာချုပ်အရ ဘုရားသုံးဆူနယ်နိမိတ်မျဉ်းသည် တောင်ထိပ်ရေဝေကြောဖရာဇူဇူ(လှိုင်ပဒေါ-Hlaingpadaw Toung) တောင်ကိုဖြတ်သန်း၍ စေတီ၃ဆူအထိ၄င်း၊ စေတီမှကဝီဝေါတောင်ထိပ်တောင်တန်း ရေဝေကြောအထိဖြစ်သည်။
ထိုနောက်၁၈၉၃ခုနှစ်တွင် ယိုးဒယားနှင့် အင်္ဂလိပ်နှစ်ဖက်ကိုယ်စားလှယ်များ ဘုရားသုံးဆူနယ်စပ်ကိုပြန်လည်စစ်ဆေးရာ၌ စေတီ၃ဆူသည် ရေဝေကြောတောင်ကုန်းထိပ်ပေါ်၌တည်ရှိမနေခြင်း၊ စာချုပ်ပူးတွဲပါအချက်အလက်နှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များကို ပြန်လည်သုံးသပ်ခဲ့ကြပြီး အင်္ဂလိပ်တို့ မြေပုံသစ်တစ်ခုပြန်လည်ရေးဆွဲကာ ယိုးဒယားအရာရှိတို့ထံ ထပ်မံတင်ပြခဲ့ပါသည်။
အင်္ဂလိပ်တို့ပြန်လည်ရေးဆွဲသည့် အဆိုပါမြေပုံသစ်တွင် ဖရာဇူဇူ (လှိိုင်ပဒေါ) တောင်ထိပ်မှ ဘုရားသုံးဆူအလယ်စေတီသို့၄င်း၊ အလယ်စေတီမှဖရာဇူဇူ (လှိိုင်ပဒေါ)တောင်ထိပ်တစ်နေရာသို့၄င်း ထိုမှတဆင့်တောင်တန်းရေဝေကြောများကို နယ်နိမိတ်ဟူ၍သတ်မှတ်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ အင်္ဂလိပ်တို့အသစ်ပြန်လည်ရေးဆွဲသည့် မြေပုံတွင်မူလသဘောတူညီချက်ပါ စာချုပ်အတိုင်း အလယ်စေတီမှ ကဝီဝေါတောင်ထိပ်သို့ နယ်နိမိတ်မျဉ်းရေးဆွဲခဲ့ခြင်းမရှိပေ။ အလယ်စေတီမှဖရာဇူဇူ (လှိိုင်ပဒေါ) တောင်ထိပ်တစ်နေရာသို့ ရေးဆွဲခဲ့ရသည်မှာ ကဝီဝေါတောင်ကို အင်္ဂလိပ်တို့ရှာဖွေမတွေ့ခဲ့ခြင်းဖြစ်ဟန်တူသည်ဟု ယူဆစရာဖြစ်နေသည်။ နောက်တစ်ချက်တွင် အဆိုပါအင်္ဂလိပ်တို့ရေးဆွဲသည့် မြေပုံသစ်ကိုယိုးဒယားဘက်က သဘောတူလက်ခံခဲ့သည်ဆိုသော အထောက်အထားများကိုလည်းမတွေ့ရှိခဲ့ရပေ။
ထိုအချိန်ကာလမှစ၍ နောက်ပိုင်းတွင် ယိုးဒယားနှင့်အင်္ဂလိပ်တို့ ဘုရားသုံးဆူနယ်နိမိတ်ကိစ္စအရေး ပြန်လည်ဆွေးနွေးခြင်းအလျဉ်းမရှိခဲ့ပါ၊ အရေးကြီးသည့် ဘုရားသုံးဆူနယ်စပ်မျဉ်းကြောင်းကိစ္စကို လက်ရှိပစ္စုပ္ပန်ကာလ၌ ထိုင်းနှင့်မြန်မာတို့မြေပုံတစ်ရွက်စီကိုင်ထားကြပြီး နယ်စပ်အရေးဆွေးနွေးခဲ့ကြရာတွင် အဓိပါ္ပယ်ဖွင့်ဆိုချက် ကွဲလွဲမှုများရှိနေဆဲဖြစ်သည်။ ထို့ကြောင့်လည်းရာနှင့်ချီရှိသော မြေဧကနယ်နိမိတ်ဧရိယာများ ထပ်နေကြဆဲပင်ဖြစ်သည်။
အင်္ဂလိပ်တို့ အသစ်ပြန်လည်ရေးဆွဲသည့် ဖရာဇူဇူ (လှိိုင်ပဒေါ) တောင်ထိပ်မှ ဘုရားသုံးဆူအလယ်စေတီ၊ အလယ်စေတီမှ ဖရာဇူဇူတောင်ထိပ်တစ်နေရာသို့ တြိဂံပုံသဏ္ဍာန်(ကျီးကန်းနှုတ်သီး) U 741 စကေး 1:63360 မြေပုံကိုမြန်မာဘက်က အသုံးပြုနေသည်။
(မြန်မာ မြေပုံ)
ထိုင်းဘက်မှလည်း ထိုင်းစစ်တပ်ရေးဆွဲထားသော L 7018 စကေး 1:50,000 မြေပုံတွင်ဖရာဇူဇူ(ယခုအခေါ်ခရွန်ဒေါ)တောင်မှ ဘုရားသုံးဆူရွာနယ်နိမိတ်အတိုင်း စေတီ၃ဆူကိုပတ်၍ ဖရာဇူဇူတောင်သို့ဦးတည်သည့် လက်ညိုးသဏ္ဍာန်မြေပုံကို အသုံးပြုလျက်ရှိသည်။
(ထိုင်းမြေပုံ)
နယ်နိမိတ်အသိအမှတ်ပြုမှု မတူညီခြင်းကြောင့် နယ်စပ်မြေဧရိယာထပ်နေကြသည့်အတွက် ထိုင်းတို့မြေပုံအတိုင်းဆိုပါက စေတီ၃ဆူသည် ထိုင်းအပိုင်နယ်မြေအတွင်း ကျရောက်နေမည်ဖြစ်သည်။ မြန်မာမြေပုံအတိုင်းအတည်ပြုပါက အလယ်စေတီတစ်ဆူသာ ထိုင်းအပိုင်ဖြစ်ပြီး ဘေးစေတီနှစ်ဆူနှင့်မြေနေရာများသည် မြန်မာအပိုင်ဧရိယာဖြစ်မည်ဟု ရေးသားထားပါသည်။
သုံးသပ်ချက်
၂၀၀၇ခုနှစ်မတ်လတွင် နယ်စပ်အငြင်းပွားနေမှုကို အကြောင်းပြု၍ ဘုရားသုံးဆူနယ်စပ်ဖြတ်ကျော်ဂိတ်ကို မြန်မာအစိုးရ တဖက်သတ်ပိတ်ခဲ့သဖြင့် နိုင်ငံတော်ဘဏ္ဍာငွေများစွာ နစ်နာဆုံးရှုံးခဲ့ရခြင်း၊ နယ်စပ်ကုန်ပစ္စည်းအပြန်အလှန်ရောင်းဝယ်ရေး မှောင်ခိုဖြစ်သွားခြင်း၊ နယ်နိမိတ်ဘေးမလွယ်ပေါက်များမှ ကုန်စည်များသွားလာနေမှုအပေါ် တရားမဝင်ငွေကောက်ခံလာခြင်း၊ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသွားရခြင်းစသည့် အကျိုးဆက်များသာရရှိခဲ့ပါသည်။
ဘုရားသုံးဆူနယ်နိမိတ်တွင် အလွယ်တကူမြင်တွေ့သိရှိနိုင်မည့် မြစ်ချောင်းအတားအဆီးများမရှိဘဲ နှစ်နိုင်ငံမြေသားချင်းတဆက်စပ်တည်းရှိနေသောကြောင့် သာမန်ပြည်သူများအနေဖြင့် နိုင်ငံနယ်နိမိတ်ဧရိယာကိုလည်း မသိရှိနိုင်ပါ၊ နှစ်နိုင်ငံနယ်နိမိတ်မျဉ်းဟုယူဆရသည့် နေရာများပေါ်တွင် အချို့နေအိမ်အဆောက်အဦများနှင့် ခြံဝင်းများ နှစ်ဖက်ခွဆောက်လုပ်ထားရှိသည်ကိုလည်း တွေ့မြင်နေရသည်။
လွန်ခဲ့သော အနှစ် ၃၀ ဝန်းကျင်နီးပါးခန့်က အဆိုပါစေတီ ၃ ဆူ(ဘုရားသုံးဆူ)အနီးတဝိုက်ပတ်ဝန်းကျင်တွင် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA တပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားခဲ့ပုံ(ဓါတ်ပုံ-getty image ကိုကြည့်ပါ) နှင့် လက်ရှိအနေအထားကိုယှဉ်ကြည့်လျင် အဆိုပါနေရာတွင် လက်ရှိထိုင်းပိုင်နက်အဖြစ် မြင်တွေ့နေရပြီ ဖြစ်သည်။
(မွန်တပ်ဖွဲ့ဝင်များ)
၁၉၈၈-၁၉၉၀ခုနှစ်တွင်လည်း ဘုရားသုံးဆူအခြေစိုက်မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ကျောင်းသားတပ်မတော်က အမှတ်တရရိုက်ထားကြသည့် အလားတူမှတ်တမ်းဓါတ်ပုံများလည်းကျန်ရှိကောင်းရှိပါလိမ့်မည်။ ထိုစဉ်ကာလအထိ စေတီအနီးတဝိုက်တွင် ထိုင်းဘက်မှဝင်ရောက်အခြေမစိုက်ရသေးဟု ဆိုရမည်ဖြစ်သည်။
ဘုရားသုံးဆူနယ်နိမိတ်ကိစ္စသည် မြန်မာပြည်အင်္ဂလိပ်လက်အောက်ကျရောက်နေစဉ် လွန်ခဲ့သည့်နှစ်ပေါင်း၁၂၀ကျော်ကတည်းက အငြင်းပွာစရာဖြစ်ခဲ့ပါသည်။ ယခုအချိန်တွင်လည်း အငြင်းပွားစရာဖြစ်နေဆဲပင်ဖြစ်သည်။ နယ်နိမတ်မျဉ်းကြောင်း အတည်မပြုသေးမီကာလများတွင် နယ်မြေကျူးကျော်မှုများဆက်လက်ဖြစ်ပေါ်လာနိုင်သည်။ အကယ်၍ မိမိတို့နယ်နိမိတ်ကို တဖက်နိုင်ငံအမှန်တကယ် ကျူးကျော်ထားသည်ဆိုပါက နှစ်ဖက်ဆွေးနွေးညှိနှိုင်းမှုများ မည်သို့ပင်အဆင်ပြေချောမွေ့စေကာမူ ပကတိအဖြစ်ရှိနေသည့် အရာဝတ္တုများကိုပြန်လည်သိမ်းဆည်းရန် အလွန်ပင်ခက်ခဲပါလိမ့်မည်။ နောင်အနာဂတ်တွင် ပို၍ပင်ခက်ခဲပါလိမ့်မည်။ထို့အပြင် အတည်မပြုရသေးသည့် နယ်နိမိတ်ဆိုသည်မှာ လည်းအငြင်းပွားတိုက်ခိုက်မှုများ အချိန်မရွေးဖြစ်ပေါ်လာနိုင်သည်။
ထို့ကြောင့်နယ်နိမိတ်ပြဿနာကို ယခင်အစိုးရများအဆက်ဆက်မဖြေရှင်းခဲ့ကြသကဲ့သို့ လက်ရှိအစိုးရလက်ထက်တွင်လည်းမဖြေရှင်းပါကမိမိတို့ဘက်က နစ်နာဆုံးရှုံးမှုများဖြင့်သာဆက်လက်ကြုံတွေ့ နေရပေလိမ့်ဦးမည်ဟု သုံးသပ်မိပါကြောင်း။
ကိုးကားချက်များ
-အမြဲသတိထားရမည့်အိမ်နီးချင်း-ကျော်ထင်နော်ရထာ။
-Boundaries of Burma; History and Political Geograuphy(ထိုင်းဘာသာ)- Dulyapak Preecharush.







