ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းအနီး စစ်တပ်နှင့် AA တိုက်ပွဲပြင်းထန်

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းအနီး စစ်တပ်နှင့် AA တိုက်ပွဲပြင်းထန်

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ဧရိယာအနီး အဝတောင်-စနဲ လမ်းပိုင်းပေါ်သို့ စစ်အုပ်စုတပ်က စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

စစ်အုပ်စုသည် အဝတောင်စခန်းမှ အင်အားစုဖွဲ့ပြီး စက်တင်ဘာလ ၃ ရက် နံနက်ပိုင်းမှစ၍ စနဲဘက်သို့ အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး၊ ကျောက်ဖြူ-စနဲ-ရမ်းဗြဲ လမ်းပိုင်းကို ထိန်းချုပ်ရန် ကြိုးပမ်းနေ ခြင်းလည်း ဖြစ်သည်။

ကျောက်ဖြူဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ဒီအဝတောင် စနဲလမ်းပိုင်းက ရေနက်ဆိပ်ကမ်း ဧရိယာ ထဲပါတော့ စစ်တပ်က အေအေလွှမ်းမိုးလာတာကို ထိန်းချုပ်ဖို့လုပ်လာတာပါ။ အဝတောင်ရွာဟာ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း အခြေစိုက်ရာ တောင်မော်ဦး ရေတပ်စခန်းနဲ့ အနီးဝန်းကျင် မှာရှိတာပါ။ သူ့ဧရိယာ တချို့ကို အေအေက ထိန်းထားတော့ အဲ့ဒီစခန်းမှတင် သိပ်မလုံခြုံတော့ဘူး” ဟု ပြောသည်။

ထို့ကြောင့် စက်တင်ဘာလ ၄ ရက်နေ့မှစတင်၍ နှစ်ဖက်ကြား တိုက်ပွဲများ ပြန်လည်ပြင်းထန်စွာ ဖြစ်ပွားနေခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကျောက်ဖြူမြို့နယ် တောင်ပိုင်းရှိ သိုင်းချောင်းနှင့် မင်းပြင်ကျေးရွာတို့၌လည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

အေအေနှင့်နီးစပ်သူ စစ်ရေးသတင်းရင်းမြစ်က “အေအေက စနဲလမ်းပိုင်းကိုပါ အခု ထိန်း ချုပ်ဖို့ လုပ်လာတော့ အင်းအာစုပြီး စစ်တပ်ကထိုးတာ။ ကျောက်ဖြူမှာ ဩဂုတ်လ ၂၀ ရက်နေ့ နောက်ပိုင်း အင်အားဖြည့်နေတာ။ စစ်မဖြစ်ဘူး။အခုမှ စဖြစ်တာ။ နောက်တစ်ခုက ကျောက်ဖြူမြို့နယ် တောင်ပိုင်း သိုင်းချောင်း၊ မင်းပြင်ရွာတွေ မှာလည်း တိုက်ပွဲရှိတယ်” ဟု ပြောသည်။

အဝတောင်ကျေးရွာသည် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း အခြေစိုက်ရာ တောင်မော်ဦး ရေတပ်စခန်းနှင့် အနီးဝန်းကျင်တွင် တည်ရှိပြီး စနဲ-အဝတောင် လမ်းပိုင်းမှာ ကျောက်ဖြူမြို့နှင့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း/ အထူးစီးပွားရေးဇုန် (SEZ) ဧရိယာသို့ ဆက်သွယ်ပေးထားသည့် အဓိက ကုန်းလမ်းကြောင်း တစ်ခုဖြစ်သည်။

စစ်ရေးမဟာဗျူဟာအရ ရေနက်ဆိပ်ကမ်း လုံခြုံရေးအတွက် အရေးပါသည့် တောင်မော်ဦး ရေတပ်စခန်း၏ စစ်ရေးစိုးမိုးနယ်မြေနှင့် စနဲမြို့အကြားတွင် အဝတောင် တည်ရှိနေခြင်းကြောင့် ရေနက်ဆိပ်ကမ်း ဧရိယာသို့ ဝင်ရောက်ရာ တံခါးပေါက်သဖွယ် ဖြစ်နေသည်။

ယခုရက်ပိုင်းအတွင်း ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပြီး အဝတောင်-စနဲ လမ်းပိုင်း ပေါ်သို့ ရောက်ရှိလာသည့် စစ်အုပ်စု၏ ရှေ့ပြေးတပ်စိတ် နှစ်ခုနှင့် AA တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ကျောက်ဖြူ တောင်မော်ဦး ရေတပ်ဘက်မှ စစ်အုပ်စု စစ်ကြောင်း နှစ်ကြောင်းသည် စနဲ-အဝတောင် လမ်းပိုင်းပေါ်၌ ရှိနေဆဲဖြစ်ပြီး အဝတောင်-မျှောချောင်းဘက်မှလည်း ခြေလျှင်စစ်ကြောင်း တစ်ခု ထပ်မံ တက် လာနေသည်။

ထို့ပြင် ပင်လယ်အတွင်းရှိ စစ်အုပ်စု စစ်ရေယာဉ်များကလည်း တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်သို့ လက်နက် ကြီးနှင့် ဒရုန်းများဖြင့် ဆက်တိုက် ပစ်ကူပေးလျက်ရှိသည်။

ဓာတ်ပုံ - (ပုံဟောင်း / CJ)

Most read this week

September 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ပေါ်တွင် စစ်အုပ်စုတပ်က ယာဉ်ထိန်းရဲ၊...
ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ် / Crd - ပုံဟောင်း
September 7, 2026
စစ်အုပ်စုက ချင်းပြည်ရှိ မြို့အချို့ကို ပြန်လည် ထိန်းချုပ်ထားနိုင်သော်လည်း ၎င်းတို့၏ အုပ်ချုပ်ရေး...
ဓါတ်ပုံ - Crd
September 5, 2026
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးအဆင်းရှိ အာရက္ခတပ်တော်...
ဓာတ်ပုံ - ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့
September 5, 2026
မွန်ပြည်၊ ကရင်ပြည်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်အုပ်စုတပ်၏ စစ်ကြောင်းထိုးမှုနှင့် လေကြောင်း...