မြိတ်တွင် ဆိုင်ကယ်ဖမ်းဆီးရာမှ လူငယ်များကို စစ်အုပ်စုက အဓမ္မ စစ်မှုထမ်းခိုင်း

မြိတ်တွင် ဆိုင်ကယ်ဖမ်းဆီးရာမှ လူငယ်များကို စစ်အုပ်စုက အဓမ္မ စစ်မှုထမ်းခိုင်း

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ပေါ်တွင် စစ်အုပ်စုတပ်က ယာဉ်ထိန်းရဲ၊ အရန်မီးသတ်တပ်ဖွဲ့နှင့် ပျူစောထီး ပြည်သူ့စစ်အဖွဲ့ဝင်များဖြင့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် ဖမ်းဆီးမှု ပြုလုပ်သည်ဟု အကြောင်း ပြကာ လူငယ်များကို အဓမ္မ စစ်မှုထမ်းရန် လူသစ်စုဆောင်း ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း မြို့ခံများက ပြော သည်။

စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီကျော်မှ မွန်းတည့် ၁၂ နာရီအထိ တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီ အထိ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိုင် စစ်အုပ်စုက လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို မြို့ပေါ်တွင် ပိတ်ဆို့ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စစ်အုပ်စုတပ်သည် မြိတ်မြို့ရှိ တောရကျောင်းလမ်းဆုံ၊ လေယာဉ်ကွင်းလမ်းဆုံ၊ မြို့သစ်လမ်းဆုံ၊ ဘုရားကိုင် လမ်းဆုံနှင့် ကန်ဖျားလမ်းဆုံ အစရှိသည့် အချက်အချာကျသော နေရာအတော်များများတွင် တားဆီး စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

စက်ဝင်းရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၀ အရွယ် မြို့ခံတစ်ဦးက “မျက်စိရှေ့တင် ဖမ်းနေတာတွေ့တာ လိုင်စင်မဲ့ဘီးတွေရော မှန်ကိုင်းမတပ်တာတွေ၊ အိပ်ဇောတွေ၊ နံပါတ်ပြားတွေ၊ ယောင်္ကျားလေး နှစ်ယောက်စီး တာ တွေရောပဲ။ မိန်းကလေးရော ယောင်္ကျားလေးပါ အကုန်လုံးစစ်တာ။ အဆိုးဆုံးက ယောင်္ကျား နှစ်ယောက် စီးတာပေါ့။ ဖမ်းမိတာနဲ့ နှစ်ယောက်စလုံး စစ်ကားကြီးပေါ်တခါတည်း ခေါ်တင်လိုက်တော့တာ။ ဘာမှဖြေရှင်း ခွင့်လည်း မပေးဘူး။ ဘုရားကိုင်ရှေ့မှာ မြင်လိုက်တာတောင် အယောက် ၂၀ လောက်ရှိတယ် တမြို့လုံးဆို နည်းမှာမဟုတ်ဘူး” ဟု ပြောသည်။

မြို့၏ နေရာ ၅ နေရာထက်မနည်း ပိတ်ဆို့ စစ်ဆေး ဖမ်းဆီးခဲ့ခြင်းဖြစ်ရာ ဖမ်းဆီးခံရသည့် လူငယ် အရေအတွက် မှာ အနည်းဆုံး ရာဂဏန်းအထိ ရှိနိုင်ကြောင်း ဒေသခံများက ခန့်မှန်းထားကြပြီး၊ အချက်အချာကျသည့် လမ်းဆုံ များတွင် တစ်ပြိုင်နက်တည်း ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် မြို့ပေါ်လူငယ်များအကြား စိုးရိမ်ထိတ်လန့်မှု များ ပိုမို မြင့်မားနေသည်။

မြိတ်မြို့ပေါ်တွင် နေထိုင်ကြသည့် ပြည်သူအများစုမှာ လုပ်ငန်းခွင်သွားလာရန်နှင့် လူမှုရေး၊ စီးပွားရေး အရေး ကိစ္စများအတွက် မော်တော်ဆိုင်ကယ်ကိုသာ အဓိက အသုံးပြုနေကြရခြင်း ဖြစ်သည်။

စက်တင်ဘာလ ၂ ရက်နေ့ကတည်းက လိုင်စင်မဲ့ ဆိုင်ကယ် ဖမ်းဆီးသည်ဟု ဆိုကာ ခေါ်ဆောင်သွားခြင်းခံရသည့် လူငယ်များသည် ယနေ့ စက်တင်ဘာလ ၆ ရက်နေ့အထိ မိသားစုများနှင့် လုံးဝ အဆက်အသွယ် မရရှိသေးပေ။

စစ်အုပ်စုတပ်က မည်သည့်နေရာသို့ ဖမ်းဆီးထိန်းသိမ်းထားသည်ကို ထုတ်ပြန်ခြင်း မရှိသလို၊ အဓမ္မ စစ်မှုထမ်း သင်တန်းကျောင်းများသို့ ပို့ဆောင်ခံရမည်ကိုလည်း ဖမ်းဆီးခံ လူငယ်များ၏ မိသားစုဝင်များက စိုးရိမ်ပူပင်နေ ကြသည်။

Most read this week

September 7, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ဧရိယာအနီး အဝတောင်-စနဲ လမ်းပိုင်းပေါ်သို့...
ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ် / Crd - ပုံဟောင်း
September 7, 2026
စစ်အုပ်စုက ချင်းပြည်ရှိ မြို့အချို့ကို ပြန်လည် ထိန်းချုပ်ထားနိုင်သော်လည်း ၎င်းတို့၏ အုပ်ချုပ်ရေး...
ဓါတ်ပုံ - Crd
September 5, 2026
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးအဆင်းရှိ အာရက္ခတပ်တော်...
ဓာတ်ပုံ - ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့
September 5, 2026
မွန်ပြည်၊ ကရင်ပြည်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်အုပ်စုတပ်၏ စစ်ကြောင်းထိုးမှုနှင့် လေကြောင်း...