ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စုတပ်က ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍ မကြာခဏ တိုက်ခိုက်နေသဖြင့် တောင်ယာလုပ်ငန်းခွင်သို့ သွားရောက်လုပ်ကိုင်ရန် အခက်အခဲများ ကြုံတွေ့ နေရကြောင်း စိုက်ပျိုးတောင်သူများက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုများသည် စိုက်ပျိုးရာသီအတွင်း ဒေသခံ ပြည်သူများ၏ စားနပ်ရိက္ခာ လိုအပ်ချက်ကို မဖြည့် ဆည်းနိုင်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု တောင်သူများက ပြောဆိုသည်။
ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှ တောင်ယာလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက “နှစ်တိုင်းပေါ့နော်၊ တွေးလည်းပူရတယ်။ ဒီနှစ်မှာကျတော့ ပိုတောင်အဆင်မပြေဖြစ်သွားတယ်။ တောင်ယာသွားတဲ့အချိန်ဆို တောင်ယာ သွားတဲ့ လမ်းမှာများ စစ်သားတွေ တက်လာမလာဆိုပြီးတော့လည်း စိုးရိမ်ရတာမျိုးတွေ ရှိတယ်။ ဒီနှစ်ကျတော့ ဒရုန်းတွေ၊ လက်နက်ကြီးတွေ ထုလာတာပိုများလာတော့ သွားမယ်ဆိုလို့ရှိရင်လည်း အသေခံဒရုန်းတွေဆိုလည်း လာတယ်ပြောတာပေါ့နော်” ဟု ပြောသည်။
လက်ရှိတွင် တောင်ယာပေါင်းလိုက်ရမည့် အချိန် ရောက်ရှိနေပြီဖြစ်သော်လည်း လုံခြုံရေး အခြေအနေကြောင့် တောင်ယာခင်းများအတွင်း သွားရောက်၍ ပေါင်းရှင်းခြင်း၊ ခြံရှင်းခြင်းများ မလုပ်နိုင်ကြသေးပေ။ အချိန်မီ ပေါင်း မရှင်းနိုင်ပါက စိုက်ပျိုးထားသည့် သီးနှံများ အောင်မြင်ဖြစ်ထွန်းမှုကို ထိခိုက်မည်ကိုလည်း တောင်သူများက စိုးရိမ်နေကြသည်။
ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှ အုပ်ချုပ်ရေး တာဝန်ရှိသူ အမျိုးသားတစ်ဦးကလည်း စစ်အုပ်စုတပ်သည် တောင်ယာ လုပ်ငန်းခွင်များကို ပစ်မှတ်ထား၍ ဒရုန်းဖြင့် တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာသည်ဟု ဆိုသည်။
၎င်းက “ဒရုန်းနဲ့ ခဏခဏလာတယ်။ တစ်ရက်ခြား၊ နှစ်ရက်ခြားလောက်ဆို လာကြဲတယ်ပေါ့နော်။ တောင်ယာ သွားတော့ လူစုနဲ့ဆို ပိုပြီးလုပ်တယ်။ စိုက်ခင်းတွေမှာ ပိုပြီးချတယ်” ဟု ပြောသည်။
ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ခြမ်းရှိ တောင်ယာ လုပ်ငန်းခွင်များနှင့် ကျေးရွာများကို စစ်အုပ်စုတပ်က ဩဂုတ်လအတွင်း ဒရုန်းဖြင့် ၁၂ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထက် မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
အရပ်သား ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် လူသားချင်း စာနာထောက်ထား မှုဆိုင်ရာ နိုင်ငံတကာ ဥပဒေအရ စစ်ရာဇဝတ်မှုမြောက်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဖြစ် ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ မမေက ထောက်ပြသည်။
ဒါရိုက်တာ မမေက “စစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူတွေအပေါ်မှာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်တာက လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ဥပဒေအရဆိုရင် စစ်ရာဇဝတ်မှုမြောက်တယ်ပေါ့နော်။ လူသားမျိုးနွယ်အပေါ် ရာဇဝတ်ကျူးလွန်တဲ့အမှု ဖြစ်တယ်ဆိုတာလည်း ပြောချင်တယ်။ အဲ့ဒါကြောင့် စစ် ကောင်စီအနေနဲ့ အရပ်သားပြည်သူတွေကို တိုက်ခိုက်တာမျိုး လုံးဝမရှိသင့်ပါဘူး။ အဲ့ဒီအတွက် စစ်ကောင်စီကို အားလုံးက ဝိုင်းဝန်းဖိအားပေးဖို့ လိုနေတယ်” ဟု ပြောသည်။
တောင်ယာ လုပ်ငန်းခွင်များကို လုံခြုံစွာ သွားရောက် မလုပ်ကိုင်နိုင်ခြင်းသည် တောင်သူများ၏ လက်ရှိ စားဝတ် နေရေးအပြင် လာမည့်နှစ် စားနပ်ရိက္ခာ ဖူလုံရေးအပေါ်ပါ ကြီးမားသည့် သက်ရောက်မှုများ ရှိလာနိုင်ကြောင်း ဒေသခံများက ပြောသည်။







