ရခိုင်ပြည်တွင် စစ်ကျန် မြေမြှုပ်မိုင်းနှင့် လက်နက်ခဲယမ်းများကြောင့် သေဆုံးဒဏ်ရာရသူများ တစ်နေ့ထက်တစ်နေ့ တိုးပွားလာနေသဖြင့် အဆိုပါ မိုင်းအပါအဝင် စစ်ကျန် ပစ္စည်းများကို အပြီးသတ် ရှင်းလင်းရေးအတွက် နိုင်ငံတကာ၏ အကူအညီများအား မရှိမဖြစ် လိုအပ်နေကြောင်း လူမှုရေး ဆောင်ရွက်နေသူများက ပြောဆိုသည်။
၂၀၂၆ ခုနှစ် မတ်လ ၂၀ ရက်နေ့ မြေပုံမြို့နယ်ဝက်ရူးကျေးရွာမှ မြေးအဖိုးနှစ်ဦးသစ်ခုတ်သွားရာမှ စစ်ကျန်မြေမြှုပ်မိုင်းနင်းမိပြီး အသက်(၆၈) နှစ်အရွယ်အဖိုးဖြစ်သူ ဦးလှစိုးဖြူ သေဆုံးသွားခဲ့သည်။
၂၀၂၆ ခုနှစ် မတ်လ ၂ဝ ရက်နေ့လည်း မင်းပြားမြို့နယ်၊ ဂြမ်းမရွာမှ ဒေါ်အေးခိုင်ဦး (၃၃)နှစ်သည် ထင်းခွေသွားစဉ် မြေမြှုပ်မိုင်းနင်းမိသည့်အတွက် ခြေထောက်တွင် အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့သည်။
၂၀၂၆ ခုနှစ် မတ် ၂၀ရက်နေ့ကလည်း တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှ ဦးတင်ဆန်း၏သား မောင်ဖိုးလပြည့်(၁၁)နှစ်သည် ကောက်ရခဲ့သည့် ဗုံးသီးတစ်လုံးကိုဆော့ကစားရာကနေပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိသွားခဲ့သည်။
၂၀၂၆ ခုနှစ် မတ်လ ၁၈ ရက် နံနက်ကလည်း သံတွဲမြို့နယ်၊ မော်ရုံရွာတွင် စစ်ရှောင်နေသည့် မောင်ရွှေလေးရွာမှ ဦးကျော်မင်းထွန်းသည် အိမ်အနီးရှိ တောင်ကုန်းပေါ်သို့ထင်းခုတ်သွားစဉ် စစ်ကျန်မိုင်းကို နင်းမိကာ ဘယ်ဖက်ခြေထောက်ပြတ်ထွက်သွားခဲ့သည်။
၂၀၂၆ခုနှစ် မတ်၈ ရက်နေ့ကလည်း ဂွမြို့နယ်၊ ကြွီချိုင်ရွာနားပင်လယ်ကမ်းခြေမှ ကောက်ရခဲ့သည့်စစ်ကျန် အာရ်ပီဂျီ (RPG)ဗုံးသီးတလုံးကို ကလေးသုံးဦးမှဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပြီး ကြွီချိုင်ရွာမှ မောင်ဝေယံလင်း(၁၂) နှစ်မှာပွဲချင်းပြီးသေဆုံးခဲ့ကာ မောင်ကျော်ကိုကို(၁၂)နှစ်နှင့် မောင်ထွန်းလင်းနိုင်(၁၁)နှစ်တို့မှာ ဒဏ်ရာ အသီးသီးရရှိသွားခဲ့သည်။
၂၀၂၆ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့လည်း မြောက်ဦးမြို့နယ်၊ ဆီသည်(မွတ်ဆလင်)ကျေးရွာမှဦးအာဒူလာမိန်(၃၅)နှစ်နှင့် တန်းဆိပ်(မွတ်ဆလင်)ကျေးရွာမှ ဦးမာ့မာတ်ယေနာ(ခ) မာ့အိုင်ရ်နက်(၂၇)နှစ်တို့သည် ဖားပြိုရွာအနီးတွင် ကောက်ရခဲ့သည့် ဗုံးကို ဓားဖြင့်ခြစ်ကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားခဲ့သည်။
၂၀၂၆ခုနှစ် ဇန်နဝါရီ ၁၉ ရက်တွင်လည်း အမ်းမြို့နယ်၊ အောက်ရွာ(ဆီဆိုင်ကုန်း)မှ အသက်(၈)နှစ်အရွယ် မောင်မင်းထက်သာသည် ရွာအနီးရှိ ငှက်ပျောခင်းသို့ငှက်ပျောသီးခူးရန် ထွက်သွားပြီးနောက် စစ်လက်ကျန်ဗုံးသီးပေါက်ကွဲကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယခုကဲ့သို့ စစ်ကျန် မြေမြှုပ်မိုင်းနှင့် ဗုံးသီးများ အပါအဝင် စစ်ကျန်လက်နက်ခဲယမ်းများကြောင့် ရခိုင်တွင် သေဆုံး ထိခိုက်ဒဏ်ရာရသူများ များပြားလာနေသဖြင့် ယခုပြဿနာအား ဖြေရှင်းရေးနှင့် ပတ်သက်ပြီး အမြင်သဘောထားကို သိရှိလိုသဖြင့် ရခိုင်စစ်ရှောင်များအရေး ကူညီဆောင်ရွက်ပေးနေသည့် စာရေးဆရာ ကိုဝေဟင်အောင်အားနိရဉ္စရာ ဆက်သွယ်မေးမြန်းခဲ့ပါသည်။
ကိုဝေဟင်အောင်က "စစ်ပွဲရဲ့နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ကဒီစစ်လက်နက်ကျန်ပစ္စည်းတွေ၊ မပေါက်ကွဲတဲ့ပစ္စည်းတွေ၊ ပြီးတော့မြေမြှုပ်မိုင်းအလွန်အကျွံသုံးမှုတွေက နောက်ဆက်တွဲပြဿနာတခုအနေနဲ့ရှင်းကိုရှင်းရမဲ့အရာဖြစ်တယ်။ အဲဒါတွေကိုရှင်းတဲ့အခါမှာလက်ရှိအာရက္ခတပ်တော်က ဒီစစ်ပွဲကလည်း မပြီးပြတ်သေးဘူး။ နောက်ပြီးနဂိုကတည်းကနေ ရင်းမြစ်အင်အားတွေ နည်းနေသေးတော့အဲဒါအားလုံးကိုရှင်းနိုင်မဲ့အတွက်က လောလောဆယ်မှာ မဖြစ်နိုင်ဘူးလို့မြင်တယ်” ဟု ပြောသည်။
အာရက္ခတပ်တော် (AA)မှ တတ်နိုင်သလောက် ရခိုင်လူထုအား အန္တရာယ်ပြုနေသော မိုင်းများအား ရှင်းလင်းနေသော်လည်း လူအား၊ ငွေအားမနိုင်၍ နိုင်ငံတကာ အကူအညီများလိုအပ်နေသည်ဟု ကိုဝေဟင်အောင်က ဆက်လက် ပြောဆိုသည်။
“ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအကူအညီတွေ လိုအပ်ပါတယ်။ဘာတွေလိုအပ်လဲဆိုတော့ အထူးသဖြင့် နည်းပညာနဲ့ဆိုရင် စက်ယန္တရားတွေကိုနိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ပူးပေါင်းပါဝင်ကူညီပေးပြီးတော့ဒေသခံပြည်သူတွေအတွက် ဒီတဖက်တလမ်းက ကူညီပံ့ပိုးပေးတာတွေကိုလုပ်သင့်တယ်လို့မြင်မိပါတယ်"ဟု သူ့အမြင်ကို ပြောဆိုသည်။
ကမ္ဘောဒီးယားနိုင်ငံအပါအဝင် နိုင်ငံတကာတွင်လည်း စစ်ကျန်မိုင်းများကို ရှင်းလင်းရာတွင် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အကူအညီဖြင့် ဝိုင်းဝန်းဖြေရှင်းခဲ့ရသည့် သာဓကရှိသဖြင့် အားလုံးဝိုင်းဝန်း ကူညီ ဖြေရှင်းပေးဖို့လိုအပ်သည်ဟု ကိုနိုင်လင်းထွန်း (ဥက္ကဋ္ဌ၊ ဇင်ချောင်းလူငယ်များပရဟိတအဖွဲ့၊ ကျောက်ဖြူမြို့နယ်)ပြောသည်။
“အရပ်ဘက်အဖွဲ့အစည်းကဖြစ်ဖြစ်၊ နိုင်ငံတကာအသိုင်းအဝိုင်းကဖြစ်ဖြစ်၊ ကျနော်တို့ရဲ့ လက်ရှိအစိုးရဖြစ်ဖြစ် ဒီမိုင်းနဲ့စစ်ကျန်ပစ္စည်းတွေရဲ့ ပြဿနာကို အားလုံး ဝိုင်းဝန်း ကူညီဖြေရှင်းမှ ရနိင်မယ်ထင်ပါတယ်။လက်ရှိမှာ မိုင်းတွေ စစ်ကျန်ပစ္စည်းတွေကို အားလုံးမရှင်းလင်းနိုင်သေးခင်မှာ အသိ ပညာပေးမှုတွေကို ဒီထက် တိုးလုပ်ဖို့လိုပါတယ်။ လူတွေတောတောင်ထဲသွားရင်တောင်မှ ဘယ်နေရာတွေမှာ ဘယ်လိုသွားရမယ်။ဘယ်လိုလုပ်ဆောင်ရမယ်။ နောက်ပြီး ထိခိုက်ဒဏ်ရာတွေမဖြစ်အောင် အခြေခံတွေကအစ ဘယ်လိုသတိထားဖို့လိုအပ်တယ်ဆိုတာကအစ အသိပညာ ပေးဖို့ ပိုမို လိုအပ်ပါတယ်"ဟု ပြောသည်။
လက်ရှိ ရခိုင်ပြည်သူများမှာ စားဝတ်နေရေး အလွန်ကျပ်တည်းသဖြင့် တောတောင်ထဲကို မသွားမဖြစ် သွားပြီး ဝမ်းရေးအတွက် အလုပ် လုပ်ကိုင်နေရသဖြင့် မိုင်းအန္တရာယ်က နောင်တွင်လည်း ပေါ်ပေါက် လာနိုင်သည်ဟု ပြောသည်။
“ တချို့ကျေးလက်ဒေသတွေမှာဆို ထင်းခွေ၊ ငါးရှာ၊ ဖားရှာ၊သစ်ခုတ်ဖို့အတွက် တောတောင်တွေကို သွားကြရတယ်။ နောက်ပြီး ဟင်းရှာ၊ဖားရှာ သွားကြတဲ့ လူတွေအတွက်ကျရင်လည်း သူတွေမှာ အဓိကဝမ်းရေးအတွက် မသွားမဖြစ်သွားရတဲ့ဟာတွေလည်းပါတယ်လေ။ အဲသလို ဝမ်းရေး အခက်အခဲတွေကြောင့် တောတောင်ကို သွားကြတယ်။ သူတို့ကို မသွားနဲ့လို့လည်း တားလို့မရတဲ့ဟာတွေရှိနိုင်ပါတယ်။ဒါကြောင့် ဒီစစ်ကျန်မိုင်းတွေကြောင့် ရခိုင်မှာ လူထုရဲ့ အန္တရာယ်က ရှိနေဆဲဖြစ်ပါတယ်”ဟု ကိုနိုင်လင်းထွန်းက ပြောသည်။
မိုင်းနှင့်စစ်ကျန်ပစ္စည်းများမှာ လူဆိုးလူကောင်း၊ ကလေးလူကြီးအစ တိရစ္ဆာန်များအထိ အန္တရာယ်ပေးနိုင်သဖြင့် အထူးသတိရှိဖို့လိုအပ်သည်ဟု နောက်ထပ်အမည်မဖော်လိုသူ မိုင်းနှင့်စစ်ကျန်ပစ္စည်းအန္တရာယ်လျှော့ချရေးဆောင်ရွက်နေသူတစ်ဦးကလည်း ပြောကြားသည်။
“ မိုင်းနဲ့ စစ်ကျန်ပစ္စည်းတွေဟာဆိုရင်တော့ ကလေး၊ လူကြီး၊ လူငယ်ပေါ့နော်။ တိရစ္ဆာန်ပေါ့နော်။လူကောင်း၊ လူဆိုးဆိုတာ သူတို့က မိတ်ဆွေ ရန်သူခွဲခြားတတ်တဲ့ အရာပစ္စည်း မဟုတ်ပါဘူး။ အဲဒါကြောင့်မလို့ လူတိုင်းနဲ့တွေ့နိုင်တယ်၊ ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့်မလို့ဒီမိုင်းနဲ့ ပေါက်ကွဲစေတဲ့ ပစ္စည်းရဲ့ အန္တရာယ်ကို အမြဲတမ်း သတိရှိရှိနဲ့နေထိုင်ကြဖို့ လိုပါတယ်”ဟု နိရဉ္စရာကို ပြောသည်။
မြန်မာစစ်တပ်သည် ၂၀၂၃ မှ ၂၀၂၅ ကာလအထိ ရခိုင်တိုက်ပွဲများအတွင်း ၎င်းတို့ စခန်းချရာ နေရာများတွင် ထောင်နှင့်ချီရှိသော မိုင်းများကို ထောင်ထားခဲ့သလို လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် စစ်တွေနှင့် ကျောက်ဖြူမြို့ ပတ်ဝန်းကျင်တွင်လည်း မိုင်းကွင်းများပြုလုပ်ကာ မိုင်းအမျိုးမျိုးကို ထောင်ထားသည်ဟု သိရှိရသည်။
ရခိုင်ပြည်တွင် ၂ဝ၂၅ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့်စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများကြောင့် ကလေးနှင့် အမျိုးသမီးများအပါအဝင်အရပ်သား ၂၁ ဦးသေဆုံးပြီး ၈၁ ဦးဒဏ်ရာရရှိခဲ့သည်ဟု နိရဉ္စရာကကောက်ယူထားသည့်စာရင်းများအရ သိရသည်။
၂၀၂၄ ခုနှစ်တွင်ဆိုလျှင်မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက်ပစ္စည်းများကြောင့်တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ထိခိုက်သေဆုံးသူ ၁၀၈၂ ဦးရှိပြီးယင်းအထဲတွင် ကလေးသူငယ် ၃၁၄ ဦးပါဝင်ကြောင်း Unicef Myanmar ၏ အစီရင်ခံစာအရ သိရသည်။
လက်ရှိတွင် ရခိုင်ပြည်သည် မိုင်းနှင့်စစ်ကျန်လက်နက်ပစ္စည်းများကြောင့် တစ်နိုင်ငံလုံးထိခိုက်သေဆုံးသူစာရင်း၏တတိယနေရာတွင်ရှိနေသည်ဟု စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။







