ကရင်ပြည်နယ်မှာ ထိုင်းကုန်ပစ္စည်းဖမ်းဆီးမှု အရှိန်မြင့်

ကရင်ပြည်နယ်မှာ ထိုင်းကုန်ပစ္စည်းဖမ်းဆီးမှု အရှိန်မြင့်
ဓာတ်ပုံ-MOI
ဓာတ်ပုံ-MOI

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်နဲ့ ဘားအံမြို့နယ်တွေမှာ နယ်စပ်လမ်းကြောင်းအသီးသီးကနေဝင်ရောက်လာတဲ့ ထိုင်းကုန်ပစ္စည်းတွေအပေါ် စစ်ကော်မရှင်တပ်က လိုက်လံဖမ်းဆီးသိမ်းဆည်းတာတွေ အရှိန်မြင့်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြဝတီမြို့နယ် နယ်စပ်လမ်းကြောင်းတွေကနေ ယာဉ်တွေနဲ့ အသီးသီးပြန်လည်ဝင်ရောက်လာတဲ့ ထိုင်းကုန်စည်တွေကို စစ်ကော်မရှင်တပ်နဲ့ သူ့ရဲ့ လက်အောက်ခံအဖွဲ့တွေက လှိုင်းဘွဲမြို့နယ်နဲ့ ဘားအံမြို့နယ်ထဲမှာရှိတဲ့ လမ်းပိုင်းတွေမှာ လိုက်လံဖမ်းဆီးမှုတွေ လုပ်ဆောင်နေပြီး ငွေကြေးတောင်းယူတာတွေလည်း လုပ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဒါ့အပြင် ဘားအံ လှိုင်းဘွဲ ကော့ကရိတ် မြဝတီမြို့နယ် လမ်းပိုင်းတွေကို ထိန်းချုပ်ထားတဲ့ စစ်ကော်မရှင်တပ်ဟာ ထိုင်းကုန်စည်ပစ္စည်းတွေကို ဖမ်းဆီးသိမ်းဆည်းတာတွေအပြင် စာသုံးဆီ၊ ဆန် အစရှိတဲ့ ကုန်ပစ္စည်းအချို့ သယ်ဆောင်ခွင့်ကိုလည်း ကန့်သတ်တားမြစ်နေတယ်လို့ သိရပါတယ်။

ကော့ကရိတ်မြို့နယ်မှာနေထိုင်တဲ့ ဒေသခံတစ်ဦးကတော့ ဆန်အိတ်တွေကို ဘားအံမြို့မှာ သွားရောင်းဖို့အတွက် ဆန်အိတ်အများအပြားကို စစ်ကော်မရှင်တပ်က သယ်ယူခွင့်မပြုဘဲ တားမြစ်ကန့်သတ်တာကြောင့် သွားရောင်းချလို့မဘဲ ဆန်ဈေးကောင်းမရဘူးလို့ ဆိုပါတယ်။

စစ်ကော်မရှင်တပ်ဟာ နယ်စပ်လမ်းကြောင်းအသီးသီးကနေ ထိုင်းကုန်စည်ပစ္စည်းတွေသယ်ဆောင်လာတဲ့ ကားတွေကိုတားပြီး လိုင်စင်မဲ့ယာဉ်လို့ဆိုကာ ဖမ်းဆီးသိမ်းဆည်းမယ်လို့ ပြောပြီး ကားသိမ်းဆည်းမခံချင်ပါက ငွေကျပ်အနည်းဆုံး ၁၀ သိန်းအထိ တောင်းနေတာကြောင့် ပေးလိုက်ရတယ်လို့ ထိုင်းကုန်ပို့နေတဲ့ ကားသမားတစ်ဦးကလည်း ဆိုပါတယ်။

နယ်ခြားစောင့်တပ် BGF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ PC အစရှိတဲ့ အပစ်ရပ်ယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကတော့ စစ်ကော်မရှင်တပ်လို့ နယ်စပ်က ပြန်ဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေအပေါ် ဖမ်းဆီးသိမ်းဆည်းမှုမရှိပေမယ့် ထိုင်းကုန်တွေတင်ဆောင်လာတဲ့ကားတွေအပေါ် ငွေကြေးကောက်ယူတာတွေများနေတာကြောင့် ကုန်ပို့ဆောင်သယ်ယူနေရသူတွေအတွက် အခက်အခဲများစွာရှိနေတယ်လို့ သိရပါတယ်။

BGF PC အပါအဝင် အသွင်ပြောင်း KNA လက်နက်ကိုင်အဖွဲ့တွေရဲ့ များပြားလှတဲ့ ငွေကြေးကောက်ခံတဲ့ ဂိတ်တွေကြောင့် ကုန်စည်ပို့ဆောင်နေရသူတွေအတွက် ငွေကြေးကုန်ကျမှုပိုမိုများပြားနေရတယ်လို့လည်း ပြောဆိုမှုတွေရှိနေတာပါ။

နယ်စပ်လမ်းကြောင်းအသီးသီးကနေ ဝင်ရောက်လာနေတဲ့ တရားမဝင်ကုန်စည်လို့ဆိုတဲ့ ထိုင်းကုန်ပစ္စည်းတွေနဲ့ လိုင်စင်မဲ့ယာဉ်တွေအပေါ် အရှိန်မြင့်ဖမ်းဆီးမှုတွေ ပိုမိုမြင့်တင်လုပ်ဆောင်ဖို့ ကရင်ပြည်နယ်စစ်ကော်မရှင်အဖွဲ့အပေါ် စစ်ကော်မရှင်ထိပ်ပိုင်းခေါင်းဆောင်တွေက ညွန်ကြားထားတာ ဖြစ်ပါတယ်။

Most read this week