တော်လှန်ရေးခရီးပန်းပေမယ့် ဆက်ကြိုးစားရမယ်လို့ NUG ဝန်ကြီးချုပ် ပြော

တော်လှန်ရေးခရီးပန်းပေမယ့် ဆက်ကြိုးစားရမယ်လို့ NUG ဝန်ကြီးချုပ် ပြော

တော်လှန်ရေးခရီးဟာ ၅ နှစ်တာကာလကို ရောက်ရှိလာပြီဖြစ်လို့ အားလုံးဟာ ခရီးပန်းမှုဒဏ်ကို ခံစားလာကြရပေမယ့် စစ်အုပ်စုကို ယိုင်နဲ့မှုတွေကနေ အပြီးတိုင်ဖြိုချနိုင်တဲ့အထိ ဆက်ကြိုးစားကြရဦးမယ်လို့ NUG ဝန်ကြီးချုပ်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့က ကျရောက်တဲ့ ၇၉ နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်းနေ့အထိမ်းအမှတ် အခမ်းအနားမှာ အွန်လိုင်းကနေ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့တာပါ။

ဘယ်လောက်ခရီးပန်းပန်း အခက်အခဲ စိန်ခေါ်မှုတွေကြားက စုစည်းလုပ်ဆောင်နိုင်မှုတွေ အားထုတ်ကြိုးပမ်းနိုင်မှုတွေကြောင့် ရရှိခဲ့တဲ့ အောင်မြင်မှုတွေဟာ ရှေ့ကို အင်အားအပြည့်နဲ့ ဆက်နိုင်ဖို့ သမိုင်းဝင်မှတ်တိုင်တွေအဖြစ် ရှိနေတာလို့ သူက ဆိုပါတယ်။

နွေဦးတော်လှန်ရေးမှာ စစ်ကောာ်မရှင်ဟာ သမိုင်းတစ်လျှောက်ပြန်ကြည့်ရင် အဘက်ဘက်က ယိုယွင်းပျက်စီးမှုတွေ ရှုံးနိမ့်မှုတွေနဲ့ အချင်းချင်းကြား မယုံမကြည် ဖြစ်မှုတွေကို အများဆုံး ကြုံတွေ့ ရင်ဆိုင်နေရပါတယ်။

ဒါဟာ တော်လှန်ရေးအင်အားစုတွေ ပြည်သူတွေနဲ့ အတူတကွ တိုက်ပွဲဝင်နိုင်ခဲ့မှုရဲ့ ရလဒ်ဖြစ်ပေမယ့် မလုံလောက်သေးတဲ့အတွက် ယိုင်နဲ့မှုတွေကနေ အပြီးတိုင်ဖြိုချနိုင်တဲ့အထိ ဆက်ကြိုးစားကြရမယ်လို့ ဝန်ကြီးချုပ်က ပြောဆိုခဲ့တာပါ။

တော်လှန်ရေးအင်အားစုတွေနဲ့ စစ်တပ်ဟာ အားသာချက် အားနည်းချက်ကိုယ်စီ ရှိခဲ့ကြပြီး ဘက်အားလုံးမှာ ဘုံတူညီမှုတစ်ခုကတော့ စစ်ပန်းမှုနဲ့ ဖိအားတွေ ကြီးကြီးမားမား ရှိနေကြတယ်လို့ စစ်ရေးအကဲခတ်တွေက ဝေဖန်ထောက်ပြပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်က ကြွေးကြော်သံတွေကြောင့်သာ တော်လှန်ရေးခရီးပန်းနေရတာဖြစ်ပြီး ထောက်ပို့ရတဲ့ ပြည်သူတွေ စိတ်ကုန်သွားမှာကိုပဲ ကြောက်ရတဲ့ အနေအထားလို့ သုံးသပ်ပါတယ်။

“ကြွေးကြော်သံတွေကြောင့်သာ (တော်လှန်ရေးခရီး) ခရီးပန်းရခြင်း ဖြစ်တယ်။မြေပြင်လက်တွေ့မှာတော့ အနေအထားတစ်ခုအထိ ဒီ ၅ နှစ်တာကာလ ခရီးကတော့ ရောက်နေပြီးသားပဲ။မြေပြင်ကလူတွေက ပန်းတယ်ဆိုတာထက် ကိုယ့်အခြေအနေ ကိုယ်သိပြီးသားဆိုတော့ မပန်းဘူး။ ဒါပေယ့် တကယ် ထောက်ပို့ရတဲ့ ပြည်သူတွေကတော့ ပန်းသွားတာပေါ့။ (တော်လှန်ရေးခရီး) ပန်းတာကိစ္စမရှိပါဘူး၊ စိတ်ကုန်သွားမှာကိုပဲ ကြောက်ရတဲ့ အနေအထားမျိုးလို့ ပြောရမှာပေါ့” လို့ ဆိုပါတယ်။

လက်ရှိမှာ NUG အနေနဲ့ စစ်ရေးအရ သိမ်းပိုက်နိုင်တဲ့ နယ်မြေအသစ်တွေ မရှိပေမယ့် အရင်က တိုက်ခိုက်သိမ်းပိုက်ထားနိုင်တဲ့ နယ်မြေတချို့ကို စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ကြောင့် ပြန်လည် လက်လွှတ်ခဲ့ရတာ ရှိလာနေပါတယ်။

အချက်အလက်တွေအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၁၀၀ ကျော်အထိရှိခဲ့ပြီး အဲဒီထဲက ၁၃ မြို့လောက်ကို စစ်တပ်က ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

အဲဒီထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကနေ ၁၀ မြို့အထိ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပေမယ့် အခုအခါမှာတော့ ၇ မြို့လောက်သာ ဆက်လက်ထိန်းချုပ်ထားနိုင်ခဲ့တာပါ။

စစ်ရေးမှာ မြေကို ပိုင်မှ စစ်နိုင်တယ်ဆိုတဲ့ အနေအထားမို့ မဟာမိတ်တိုင်းရင်းသားအဖွဲ့တွေ မပါဘဲ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားနိုင်တဲ့ နယ်မြေဟာ ပြောပလောက်အောင် မရှိသေးဘူးလို့ စစ်ရေးအကဲခတ်တွေက ဆိုပါတယ်။

တစ်ဘက်မှာ NUG နဲ့ K3C တို့ တွေ့ဆုံမှုကနေ စုပေါင်းဦးဆောင်မှုအခင်းအကျင်းတစ်ခု ဖော်ဆောင်ဖို့ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က အသိပေးခဲ့ပြီး ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း စုစုစည်းစည်းနဲ့ ခရီးနှင်နိုင်ရင် ခရီးပိုပေါက်မယ်လို့ ပြောဆိုထားတာပါ။

CDM ဗိုလ်ကြီး ဇင်ယော်ကတော့ လက်ရှိအနေအထားအရ ရေရှည်တိုက်ရမယ့် ပွဲမို့ တော်လှန်ရေးတပ်တွေအနေနဲ့ ကျစ်ကျစ်လစ်လစ်နဲ့ စုဖွဲ့မှုကောင်းအောင် လေ့ကျင့်သွားမယ့် အနေအထားမျိုးလို့ ပြောပါတယ်။

ဒီနှစ်အတွင်း တော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးနယ်မြေတွေထဲက အထူးသဖြင့် အညာဒေသကို စစ်တပ်က တိုက်စစ်အရှိန်မြှင့်တင်ပြီး တိုက်ခိုက်လာမယ့် အနေအထားလို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပြောဆိုကြတာပါ။

စစ်တပ်အနေနဲ့ နိုင်ငံရေးအရ ပြောင်းလဲပြင်ဆင်နိုင်ဖို့နဲ့ မျက်နှာစာသစ်ကို ဖောက်ထွက်နိုင်ဖို့ ကြိုးပမ်းနေပြီး စစ်ရေးအရလည်း ဗျူဟာအပြောင်းအလဲတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို ချေမှုန်းနိုင်ဖို့ ပြင်ဆင်လာနေပါတယ်။

တစ်ဘက်မှာ စစ်ဘောင်ကို ကျဉ်းနိုင်သမျှ ကျဉ်းအောင် လုပ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အတုအယောင်ငြိမ်းချမ်းရေးနဲ့ ယာယီအပစ်ခတ်ရပ်စဲရေးအတွက် စစ်တပ်က ဖိတ်ခေါ်ဆွေးနွေးလာနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း သူတို့ကို ထောက်ခံတဲ့ ပြည်သူလူထုနဲ့ ပူးပေါင်းပြီး လက်နက်ကိုင်ပုန်ကန်မှုတွေကို ချေမှုန်းမယ်ဆိုတဲ့ လေသံမျိုး ဖေဖော်ဝါရီလအတွင်းမှာတင် နှစ်ကြိမ်ထက်မနည်း ထုတ်ပြောထားတာပါ။

NUG အနေနဲ့ မဟာမိတ်ခေါင်းဆောင်တွေ တော်လှန်ရေးအစုအဖွဲ့တွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေသလို စစ်ရေးကဏ္ဍကိုလည်း အရှိန်မြှင့်လုပ်ဆောင်နိုင်ဖို့ အဆက်မပြတ် ကြိုးပမ်းအားထုတ်နေတယ်လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အသိပေးပါတယ်။

စစ်ရေးအကဲခတ်တွေကတော့ စစ်ရေးအောင်မြင်ဟာဟာ နှစ်ဘက်စလုံးမှာ အတက်အကျ ရှိနေပေမယ့် တော်လှန်ရေးအင်အားစုတွေမှာ နိုင်ငံတဝန်း လွှမ်းခြုံတဲ့ စစ်ရေးဗျူဟာဖော်ဆောင်နိုင်မှု အရွေ့တွေ မရှိသေးတဲ့အတွက် စောင့်ကြည့်ရမယ့် အနေအထားလို့ ဆိုပါတယ်။

မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ရဲ့ စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက ပေါင်းစည်းမှုနဲ့ ညီညွတ်မှုအားကို မဖော်ဆောင်နိုင်ရင် စစ်တပ်ရဲ့ ပြင်ဆင်ပြောင်းလဲလာတဲ့ အခင်းအကျင်းမှာ တော်လှန်ရေးခရီးကြမ်းဟာ ပိုခက်ခဲလာနိုင်တယ်လို့ ထောက်ပြပါတယ်။

“အခြေအနေအတိုင်းအတာတစ်ခုမှာ ပေါင်းစည်းမှုအား ညီညွတ်မှုအားကို ဖော်ဆောင်နိုင်ဖို့ လိုအပ်တယ်။ တကယ်လို့သာ ၂၀၂၆ အတွင်းမှာ လိုအပ်တဲ့ အခင်းအကျင်းတွေ မပြင်ဆင်နိုင်ဘူး မပြောင်းလဲနိုင်ဘူးဆိုရင်တော့ တော်လှန်ရေးခရီးကြမ်းက ပိုပြီး ခက်ခဲလာနိုင်တယ်။ တော်လှန်ရေးအင်အားစုတွေလည်း ကြီးမားတဲ့ ဖိအားအကျပ်အတည်းတွေ ပိုပြီးတော့ ကြုံလာနိုင်တယ်လို့ မြင်တယ်။ ဘာကြောင့်လဲဆို စစ်ကောင်စီမှာကျတော့ စုစည်းတဲ့ Institution တစ်ခုအဖြစ် ရပ်တည် လုပ်ဆောင်နိုင်တယ်။ ဘဏ္ဍာရေးအရင်းအမြစ်နဲ့ လက်နက်ကြီးစွမ်းပကား အားသာတဲ့အခါမှာ ဒီအားသာမှုတွေက တော်လှန်ရေးအင်အားစုတွေကြားမှာ ပိုမိုကြီးမားတဲ့ အခက်အခဲ အကျပ်အတည်းတွေ ဖြစ်လာစေနိုင်တယ်။ ဒါတွေကို ကြိုတင်တွက်ဆပြီးတော့မှ အချိန်မီပြင်ဆင်ပြောင်းလဲဖို့ လိုအပ်လိမ့်မယ်၊ အရေးကြီးဆုံးဖြစ်လိမ့်မယ်လို့တော့ ကျွန်တော်တို့ မြင်ပါတယ်ဗျ”လို့ ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေဟာ နိုင်ငံရေးအရ ညီညွတ်မှုနဲ့ ပေါင်းစည်းမှုအား လိုအပ်နေတဲ့အတွက် NUG အပါအဝင် K3C လို့ ခေါ်တဲ့ KIO ၊ KNU ၊ KNPP နဲ့ CNF တို့ဟာ ဖေဖော်ဝါရီအတွင်း စုပေါင်းဦးဆောင်မှုအခင်းအကျင်းကို တည်ဆောက်နေကြပါတယ်။

ဒါဟာ တော်လှန်ရေးမှာ ၅ နှစ်တာ အတွေ့အကြုံကို ယူပြီး အဲဒီထက် ကျစ်လစ်ခိုင်မာတဲ့ ဦးဆောင်မှုတစ်ခုကို ဖွဲ့စည်းတည်ဆောက်ကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီ အမြန်သွားနိုင်အောင် ရည်ရွယ်တာလို့ ချင်းအမျိုးသားတပ်ဦး CNF ပြောခွင့်ရ ဆလိုင်းထက်နီက သံလွင်တိုင်းမ်ကို ပြောကြားထားတာပါ။

တစ်ဘက်မှာ ဖေဖော်ဝါရီလဆန်းပိုင်းက NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တပ်မှူးကြီးများ အစည်းအဝေးကို ၅ ရက်တိုင် ကျင်းပပြီးစီးခဲ့ပြီး ၂၀၂၆ ရည်မှန်းချက်တွေကို ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီထဲမှာ တော်လှန်ရေးအောင်ပွဲ အမြန်ဆုံးရောက်စေမယ့် အဆုံးအဖြတ် ထိုးစစ်ဆီ တက်လှမ်းနိုင်ရေး ကြိုးပမ်းလုပ်ဆောင်ရမယ့် တပ်တည်ဆောက်ရေးနဲ့ စစ်ရေးပြင်ဆင်မှု လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

February 13, 2026
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ဖလူး၊ မင်းလက်ပံနယ်မြေဒေသထဲမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း...
February 12, 2026
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျောက်ရေတွင်းကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်...
February 12, 2026
The junta has reportedly been burning and destroying documents linked to the 2020 election,...
February 11, 2026
မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ရလဒ်တွေအပါအဝင် ဆက်စပ်တဲ့ အချက်အလက်...