စစ်ယူနီဖောင်းချွတ်တွေ ဦးဆောင်မယ့်အစိုးရ ရွှေရည်စိမ်ဒီမိုကရေစီစနစ်ဖြစ်ဖို့တောင် ခဲယဉ်းနေ

စစ်ယူနီဖောင်းချွတ်တွေ ဦးဆောင်မယ့်အစိုးရ ရွှေရည်စိမ်ဒီမိုကရေစီစနစ်ဖြစ်ဖို့တောင် ခဲယဉ်းနေ

စစ်တပ် ဦးဆောင်ကျင်းပတဲ့ ၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲကနေ နောက်တက်လာမယ့် အစိုးရနဲ့ပတ်သက်ပြီး ဦးသိန်းစိန်အစိုးရလိုမျိုး မျှော်လင့်ဖို့ လက်ရှိ အနိုင်ရပါတီကို ပူးပေါင်းပေးမယ့် အခြေ အနေပတ်ဝန်းကျင်အပေါ် မူတည်လိမ့်မယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဇန်နဝါရီ ၂၅ ရက်နေ့မှာ ကျင်းပပြီးစီးသွားခဲ့တဲ့ အပိုင်း ၃ ရွေးကောက်ပွဲကို မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်မှာ ရှိတဲ့ မဲရုံတွေကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လိုက်လံရှုကြည့်ချိန် သတင်းထောက်တစ်ဦးရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့တာပါ။

၂၀၁၀ ပြည့်နှစ် ဦးသိန်းစိန်အစိုးရကို ပြည်သူတွေ နှစ်သက်ခဲ့တဲ့အတွက် လက်ရှိ ရွေးကောက်ပွဲကနေ တက်လာမယ့် အစိုးရကို အဲဒီလိုမျိုး မျှော်လင့်လို့ ရမလားဆိုတဲ့ မေးမြန်းမှုအပေါ် ခက်မယ်လို့ ဆိုပါတယ်။

ဦးသိန်းစိန် တာဝန်ယူချိန်တုန်းက အတိုက်အခံတွေဟာ တိုင်းပြည် ကောင်းအောင်လုပ်ဖို့ သွားတယ်ဆိုရင် တစ်မျိုးဖြစ်ပြီး အဲဒီလိုမဟုတ်ဘဲ အနုတ်လက္ခဏာဆောင်အောင် သွားလုပ်တယ်ဆိုရင် ဘယ်အစိုးရတက်တက် နည်းနည်းခက်မယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က စစ်ခေါင်းဆောင်ပြောဆိုမှုဟာ ဦးသိန်းစိန်နဲ့ NLD လက် ထက်တုန်းက အစိုးရနဲ့ မတူတဲ့ စစ်အာဏာရှင်အစိုးရပဲ ဆက်ဖြစ်မှာ အသေအချာပဲလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူ့ (စစ်ခေါင်းဆောင်) စကားထဲမှာပဲ အဖြေက ပါပြီးသားလေ။ တိုင်းပြည်က အနုတ်လက္ခဏာကို ဆောင်နေတယ်။ အဲဒီလို (ဦးသိန်းစိန်အစိုးရလိုမျိုး) ဖြစ်ဖို့တော့ ခဲယဉ်းတယ်။ ဆိုတော့ အဖြေပါပြီးသား ဖြစ်နေတယ်။ အဲဒါကြောင့်မို့လို့ သူက ဦးသိန်းစိန်အစိုးရနဲ့လည်း မတူဘူး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရနဲ့လည်း မတူတဲ့ စစ်အာဏာရှင်အစိုးရပဲ ဆက်ဖြစ်နေမယ်ဆိုတာ အသေအချာပါပဲ”လို့ ဆိုပါတယ်။

လက်ရှိ အခင်းအကျင်းဟာ ၂၀၂၀ ရွေး‌ကောက်ပွဲ မဲမသမာမှုအကြောင်းပြချက်နဲ့ စစ်တပ်က နိုင်ငံ့အာဏာကို သိမ်းယူခဲ့မှုကြောင့် ဆန့်ကျင်ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းမှုကနေ နိုင်ငံအနှံ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး တိုက်ပွဲတွေကို ရင်ဆိုင်နေရတာပါ။

လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်တွင်းစစ်နဲ့ ဆယ်စုနှစ်ပေါင်းများစွာ ကျင်လည်ခဲ့ရတဲ့ မြန်မာနိုင်ငံဟာ ၂၀၁၀ ပြည့်နှစ်မှာ ယမ်းနံ့တွေ မကုန်စင်သေးသည့်တိုင် အကြွင်းအကျန်နေတဲ့ စစ်မီးလျှံဟာ အတိုင်းအတာတစ်ခုထိ ငြိမ်သက်ခဲ့ပါတယ်။

ဒါကြောင့် စစ်တပ်စိတ်ကြိုက်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ စစ်ယူနီဖောင်းချွတ် ဗိုလ်ချုပ်တွေ ဦးဆောင်တဲ့ ရွှေရည်စိမ် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ခဲ့ပြီး အဲဒီကနေ ၂၀၁၅ ခုနှစ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရ ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် ၂၀၂၁ အာဏာသိမ်းမှုကနေ နိုင်ငံရေးတရားဝင်မှုရဖို့ စစ်တပ်ကြိုးပမ်းခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာမယ့် အစိုးရဟာ ၂၀၁၀ တုန်းက ရွှေရည်စိမ် ဒီမိုကရေစီလိုမျိုး ပြန်ရဖို့ ခဲယဉ်းနေတာပါ။

အကြောင်းကတော့ ကျင်းပပြီးစီးခဲ့တဲ့ ရွေး‌ကောက်ပွဲမှာ လက်ရှိ တာဝန်ယူထားတဲ့ စစ်ဗိုလ်ချုပ်တွေက ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ကြသလို အစိုးရဖွဲ့နိုင်တဲ့ ကြံ့ခိုင်ရေးပါတီက ခေါင်းဆောင်တွေလည်း တော်လှန်‌ရေးအဖွဲ့တွေကို ချေမှုန်းမယ်လို့ ကြွေးကြော်ထားကြတာပါ။

ဒ့ါအပြင် အာဏာသိမ်းတဲ့နေ့ကစပြီး ဒီကနေ့အထိ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအကျဉ်းသားအဖြစ် မသတ်မှတ်ဘူးလို့ စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြောခဲ့ပါတယ်။

ဦးကြီးမြင့်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကော်မရှင်က ရာဇဝတ်သားလို့ပဲ သတ်မှတ်တဲ့အတွက် ပြန်လွှတ်ပေးဖို့ အနေအထားမရှိတာကြောင့် ဒီမိုကရေစီ မျှော်လင့်ချက် မရှိတော့ဘူးလို့ အခုလို မှတ်ချက်ပြုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ သူ့ကို နိုင်ငံရေးအကျဉ်းသားလို့ မသတ်မှတ်ဘူးတဲ့ ရာဇ ဝတ်သားလို့ပဲ သတ်မှတ်တော့ အဲဒီအတိုင်း (စွဲဆိုထားတဲ့ ဥပဒေအတိုင်း) ဆက်သွားမယ်ဆိုတော့ မလွှတ်ဘူးပေါ့ကွာ။ ဆက်ချုပ်သွားမယ်လို့ ပြောသွားတာကိုး။ အဲဒီတော့ ဒီမိုကရေစီ မျှော်လင့်ချက်ဆိုတာတော့ မရှိတော့ဘူး။ နိုင်အောင်တိုက်ဖို့ကျတော့လည်းပဲ NUG က နိုင်အောင်တိုက်မယ့် အစိုးရမဟုတ်ဘူးလေ။ သူကိုယ်တိုင်က အဂတိတွေ လာဘ်စားမှုတွေ တရားဥပဒေ မစိုးမိုးတဲ့ အဖွဲ့အစည်းဖြစ်နေတယ်။အဲဒီလို ဖြစ်နေတော့ ပြည်သူလူထုကတော့ တော်တော် ရုန်းကန်ရမယ်။နောင်တက်လာမယ့် တပ်ပေါင်းစုအစိုးရကို မျှော်ပြီးတော့ ရုန်းထွက်ရမယ်။ အဲဒီလို အနေအထားမှာ ရှိပါတယ်”လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်ကတော့ ဒီမိုကရေစီသွားချင်တယ် တောင်းဆိုနေပေမယ့်လည်း ပြည်သူမပါဘဲ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း ပြည်သူပါမှ ဖြစ်ကြောင်း ပြည်သူကလည်း အရေးကြီးကြောင်း အပိုင်း ၃ ရွေး‌ကောက်ပွဲကျင်းပတဲ့နေ့မှာ ပြည်သူကို ဗဟိုပြုပြီး ပြောဆိုခဲ့ပါတယ်။

အာဏာသိမ်းမှု ၅ နှစ်နီးပါးမှာ စစ်တပ် ဦးဆောင်ကျင်းပပေးခဲ့တဲ့ ရွေးကောက်ပွဲကနေ ဒီမိုကရေစီစနစ်ကို ပြန်လည်ဖော်ဆောင်မယ့် အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်‌ရေး မတ်လမှာ လွှတ်တော်ခေါ်ယူပြီး နိုင်ငံတော်သမ္မတ ရွေးချယ်မှာ ဖြစ်ပါတယ်။

ဒါကြောင့် သမ္မတရွေးချယ်ဖို့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ စစ်တပ်ကိုယ်စားလှယ်အစုအဖွဲ့တွေကနေ ဒုသမ္မတ တစ်ဦးစီကို ပြည်ထောင်စုလွှတ်တော်မှာ အမည်စာရင်းတင်သွင်းရမှာပါ။

ပူပူနွေးနွေး ကျင်းပပြီးစီးသွားခဲ့တဲ့ အပိုင်း ၃ ရွေးကောက်ပွဲရလဒ် မပါဝင်သေးသည့်တိုင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက အပိုင်းနှစ်ပိုင်းနဲ့တင် ပြည်ထောင်စုလွှတ်တော်မှာ ၂၂၉ နေရာ ရရှိထားတာပါ။

ဒီအတွက်ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ခံစရာမလိုဘဲ လွှတ်တော်မှာ နေရာရရှိထားနှင့်ပြီးဖြစ်တဲ့ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ ပေါင်းရင် စစ်အစိုးရပုံသဏ္ဍာန်မျိုးပဲ ဖြစ်လာမယ်လို့ ဦးကြီးမြင့်က ထောက်ပြပါတယ်။

အပိုင်းသုံးပိုင်းနဲ့ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ၂၆၃ မြို့နယ်သာ ပြုလုပ်ခဲ့တာမို့ ပြည်သူ့လွှတ်တော်က ၂၆၃ ဦး၊ အမျိုးသားလွှတ်တော်က ၁၅၇ ဦးနဲ့ စစ်တပ်ကိုယ်စားလှယ် ၁၆၆ ဦးရှိတဲ့အတွက် ပြည်ထောာင်စုလွှတ်တော်မှာ ကိုယ်စားလှယ်ပေါင်း ၅၈၆ ဦး ရှိမှာပါ။

ဒါကြောင့် ပြည်ထောင်စုလွှတ်တော်ကနေ ရွေးချယ်မယ့် သမ္မတဟာ ကိုယ်စားလှယ်ဦးရေရဲ့ ထက်ဝက်ကျော် ၂၉၄ မဲသာ ရဖို့လိုတဲ့အတွက် စစ်တပ်ကိုယ်စားလှယ်နဲ့ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်တို့ပေါင်းပြီး စိတ်ကြိုက်သမ္မတ ရွေးချယ်လို့ ရမယ့်အခြေအနေ ဖြစ်ပါတယ်။

အငြိမ်းစားစစ်ဗိုလ်ချုပ်တွေ ဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်ကိုယ်စားလှယ်တို့ ရွေးချယ်မယ့် သမ္မတကလည်း အားလုံး ပြောဆိုနေကြတဲ့အတိုင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သာ ဖြစ်ပါတယ်။

သမ္မတကနေ ဖွဲ့စည်းမယ့် အစိုးရကလည်း စစ်ယူနီဖောင်းချွတ် ဗိုလ်ချုပ်တွေနဲ့ စစ်တပ်ကိုယ်စား လှယ်တို့သာ အများဆုံးပါဝင်လာနိုင်မှာဖြစ်လို့ စစ်တစ်ပိုင်းအစိုးရသာ ဖြစ်လာမယ်လို့ နိုင်ငံရေးလေ့လာသူတွေက ဝေဖန်ထောက်ပြထားကြပါတယ်။

January 26, 2026
စစ်ကော်မရှင် အာဏာသိမ်းထားတဲ့ ၅ နှစ်ဝန်းကျင် ကာလအတွင်း ဒေသတွင်းက လူငယ်ထုကြားမှာ တရားမဝင်...
ဓာတ်ပုံ-MOI
January 24, 2026
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတိုက်ပွဲတွေကို ရင်ဆိုင်နေရတဲ့ စစ်တပ်က သမားရိုးကျ စစ်ပွဲအပြင်...
January 23, 2026
ကရင်ပြည်နယ် မြဝတီမြို့မှာရှိတဲ့ ကရင်အမျိုးသားတပ်မတော် KNA တပ်ဖွဲ့ဝင်တွေအနေနဲ့ လာမယ့် ဇန်နဝါရီ ၂၅...
January 22, 2026
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာအုပ်စုမှာ ဒရုန်းဗုံး...