နိုင်ငံတဝန်းမှာ အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ပိုတိုးလာ

နိုင်ငံတဝန်းမှာ အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ပိုတိုးလာ

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတဝန်း ပဋိပက္ခဖြစ်ပွားမှု အရေအတွက်ကြိမ်နှုန်း ကျဆင်းလာပေမယ့် အရပ်သားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုမှာ တစ်နှစ်ထက်တစ်နှစ် ပိုတိုးလာတယ်လို့ ISP-Myanmar က ဇန်နဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မြန်မာ့အခြေပြစစ်တမ်း ရဲ့ မဟာဗျူဟာ ဆန်းစစ်ချက်နဲ့ ဦးတည်လမ်းကြောင်းလားရာတွေ (၂၀၂၅-၂၀၂၆) အနုစိတ် ပိုင်းခြားစိတ်ဖြာ သုံးသပ်အကဲဖြတ်ချက်မှာပါတဲ့ ၂၀၂၅ အတွက် ပြန်လည်ဆန်းစစ်ချက်မှာ ဖော်ပြထားတာပါ။

၂၀၂၄ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၂၅ ခုနှစ် တိုက်ပွဲဖြစ်ပွားမှုမှာ ၂၈ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားပြီး တိုက်ပွဲအများဆုံးဖြစ်ခဲ့တဲ့ ၂၀၂၂ ခုနှစ်နဲ့ နှိုင်းယှဉ်တဲ့အခါ ၅၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ PDF တပ်ရင်းတွေ စစ်ကြောင်းတွေကို ပြီးခဲ့တဲ့နှစ်မှာ နေရာပြောင်းရွှေ့မှုတွေ ရှိခဲ့တဲ့အတွက် ထိုးစစ်ဆင်နိုင်မှု လျော့သွားခဲ့တယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ ကာကွယ်ရေးဌာနမှူး နိုင်တလနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တောင်ပိုင်းမှာ မွန်ပြည်နယ်မှာရှိတဲ့ PDF တပ်ရင်းတွေ စစ်ကြောင်းတွေကို စစ်တောင်းဘက်သို့ ရန်ကုန်ဘက်ကို ရွေ့လိုက်တဲ့အခါမှာ ကျွန်တော်တို့ဘက်မှာ နဂိုပြင်ဆင်စုဖွဲ့ထားပြီးသားအစုအဖွဲ့တွေ အားနည်းလျော့သွားတဲ့ အခြေအနေတွေ ရှိတယ်။အဲဒီမှာတော့ ကျွန်တော်တို့ဘက်က ထိုးစစ်ဆင်နိုင်တဲ့အခြေအနေတွေ လျော့သွားတာရှိတယ်။ နောက်တစ်ချက်ကတော့ ရန်သူဘက်က အသုံးပြုတဲ့ ဒရုန်းနည်းပညာတွေ ဂျန်မာတွေက မြင့်လာတဲ့အခြေအနေမျိုးမှာ ကျွန်တော်တို့အတွက် ထိုးစစ်ဆင်ရတာ နည်းနည်း ပိုပြီးတော့ ခက်ခဲလာတယ်။ အဲဒီအပေါ်မှာလည်း အရှိန်က နည်းနည်းလေး လျော့သွားတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်တယ်”လို့ ဆိုပါတယ်။

ISP-Myanmar သုံးသပ်တာက ပဋိပက္ခဟာ တိုက်ပွဲတွေအဆင့်မှာ ဗုံလုံတလှည့် ငါးပျံတလှည့် ဖြစ်နေနိုင်သေးပေမယ့် စစ်ပွဲအစစ်မှာတော့ တစ်ဘက်ဘက်က အပြတ်မနိုင်တော့တဲ့ ဘယ်သူမှ ယတိ ပြတ် မရှုံးနိုင်တော့ဘူးဆိုတဲ့ အခြေစိုက်သွားပြီလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ နယ်မြေနဲ့ ပြည်တွင်းပြည်ပ တရားဝင်မှု အားအနည်းဆုံးအခြေအနေနဲ့ တရုတ်နိုင်ငံရဲ့ တိုက်ရိုက်စွက်ဖက်နိုင်ခြေ ခြိမ်းခြောက်မှုကို ရင်ဆိုင်ခဲ့ရပြီး နောက်ပိုင်းမှာ တော်လှန်ရေးအင် အားစုတွေဘက်က လက်တွေ့ကျတဲ့ ရွေးချယ်စရာ မဖန်တီးနိုင်တာကို အခွင့်ကောင်းယူခဲ့တာလို့ ထောက်ပြထားတာပါ။

အာဏာသိမ်းမှုအတွင်း နိုင်ငံတဝန်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ဧရိယာ ၂၅၆,၀၀၀ စတုရန်းကီ လိုမီတာထက်မနည်းကို အပြည့်အဝ ထိန်းချုပ်ထားပြီး အဲဒီအကျယ်အဝန်းဟာ တစ်နိုင်ငံလုံး ဧရိယာရဲ့ ၃၈ ရာခိုင်နှုန်းလောက် ရှိနေတာပါ။

စစ်တပ်ဆုံးရှုံးခဲ့ရတဲ့ အခြေစိုက်တပ်စခန်းတွေထဲက ၂၆ ခုကို ၂၀၂၅ ခုနှစ်အတွင်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေမယ့် အခြေစိုက်စခန်းပေါင်း ၁၅၀ ထက်မနည်းကိုတော့ လက်လွှတ်ထားရဆဲ ဖြစ်ပါတယ်။

ဆုံးရှုံးခဲ့ရတဲ့ မြို့တွေထဲက ၁၅ မြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ခဲ့ပြီး တော်လှန်ရေးတပ်တွေက ၈၇ မြို့ကို ထိန်းချုပ်ထားဆဲ အခြေအနေပါ။

တစ်ဘက်မှာ နိုင်ငံတဝန်း အရပ်သား ၁၀ ဦးနဲ့အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွေမှာ ၂၀၂၅ ခုနှစ်အတွင်း ဖြစ်စဉ် ၃၂ ခုထက်မနည်း ရှိခဲ့ပြီး အရပ်သား ၅၉၉ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ISP-Myanmar ရဲ့ အချက်အလက်မှာ ဖော်ပြပါတယ်။

အစုလိုက်အပြုံလိုက်သေဆုံးမှုအမျိုးအစားထဲမှာတော့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာ၊ စစ် ကြောင်းဝင်ချိန် မီးရှို့သတ်ဖြတ်တာ၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာ၊ စစ်ကြောင်းဝင်ချိန် သတ် ဖြတ်တာနဲ့ အခြားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ သတ်ဖြတ်တာတို့ ဖြစ်ပါတယ်။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန်က မွန်ပြည်နယ်မှာလည်း ပဋိပ က္ခတွေရဲ့ ဘေးထွက်ဆိုးကျိုးနဲ့ အရပ်သားတွေအပေါ် စစ်ရေးအရ သက်ရောက်မှုတွေ ရှိခဲ့တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တစ်နှစ်လုံးပြန်ကြည့်မယ်ဆိုရင် ပဋိပက္ခရဲ့ ဘေးထွက်ဆိုးကျိုးနဲ့ အရပ်သားတွေအပေါ် စစ်ရေးအရ သက်ရောက်မှုတွေက အင်မတန်ကြီးတာကို တွေ့ရတယ်။ ဒါတွေက နိစ္စဓူဝဖြစ်နေတဲ့ လူ့အခွင့်အ ရေးချိုးဖောက်မှုတွေ မပါသေးဘူး။ ဥပမာဆိုလို့ရှိရင် မတရား ဖမ်းဆီးခံရတာတွေ ငွေညှစ်ခံရတာတွေတို့ နောက်တစ်ခုက စစ်မှုထမ်းဥပဒေအရ မတရားဖမ်းဆီးပြီးတော့ စစ်မှုထမ်းထဲထည့်ဖို့ အဲဒီလို လုပ်တဲ့နေရာမှာ ငွေညှစ်တာတွေတို့ မပါသေးဘူး။ ဆိုတဲ့အခါကျတော့ ပဋိပက္ခတွေကို ကြည့်မယ်ဆိုရင် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ တွဲပြီး ကြည့်ရတာဖြစ်တဲ့အတွက် တချို့သော အခြေအနေကိုလည်း ကျွန်တော်တို့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ချိန်ထိုးပြီး‌တော့ တင်ပြထားတာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ တစ်နှစ်တာအတွင်း မွန်ပြည်နယ်မှာ လက်နက်ကြီးနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံရမှုဟာ အကြိမ်ပေါင်း ၃၈၀ လောက် ရှိခဲ့ပြီး ဒရုန်းအပါအဝင် ရဟတ်ယာဉ်၊ ဂျက်လေလေယာဉ်တွေနဲ့ လေ ကြောင်းတိုက်ခိုက်မှုကလည်း ၁၀၅ ကြိမ်လောက်ရှိခဲ့တာပါ။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားမှုကြိမ်ရေ ၁၈၀ လောက်ရှိခဲ့ပြီး အိုးအိမ်ပျက်စီးဆုံးရှုံးမှုဟာ အလုံးရေ ၉၀၀ ကနေ ၁၄၀၀ ကြား ရှိခဲ့သလို အရပ်သားသေဆုံးမှုကလည်း ၁၀၅ ဦးကနေ ၁၂၅ ဦးကြား ရှိခဲ့တယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းကနေ သိရပါတယ်။

လက်ရှိမှာတော့ စစ်တပ်ဟာ နိုင်ငံအနှံ့ ရင်ဆိုင်နေရတဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး တိုက်ပွဲတွေကနေ ထွက်ပေါက်အဖြစ် နိုင်ငံ‌ရေးတရားဝင်မှုရဖို့ အပိုင်းလိုက် ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး ကျန်ရှိတဲ့ အပိုင်း ၃ ကိုလည်း ဇန်နဝါရီ ၂၅ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

January 19, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ အာဏာသိမ်း စစ်ကော်မရှင် လက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေဟာ...
ဓာတ်ပုံ-MOI
January 17, 2026
မွန်ပြည်နယ်မှာ ခရီးသွားတွေ အရင်ထက် ပိုမိုဝင်ရောက် လည်ပတ်နိုင်ရေးနဲ့ ခရီးသွားကဏ္ဍ...
January 16, 2026
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့မှာ တစ်ပတ်အတွင်း လူငယ် ၁၀ ဦးထက်မနည်း စစ်မှု ထမ်း...
January 15, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ဖွင့်လှစ်မယ့် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၁ သင်တန်းအတွက်...