မွန်ပြည်နယ်မှာ စက်သုံးဆီပြတ်လပ်မှု ပိုဆိုးလာ

မွန်ပြည်နယ်မှာ စက်သုံးဆီပြတ်လပ်မှု ပိုဆိုးလာ
Photo credit - CJ
Photo credit - CJ

မွန်ပြည်နယ်ရဲ့ မြို့နယ်အများစုမှာ အခုရက်ပိုင်းအတွင်း တစ်ကျော့ပြန် စက်သုံးဆီ ပြတ်လပ်မှု ပိုဆိုးလာပေမယ့် စစ်ကော်မရှင်ဘက်က ဖြေရှင်းဆောင်ရွက်တာ မတွေ့ရသေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စက်သုံးဆီ ပြတ်လပ်မှုဟာ မွန်ပြည်နယ်ရဲ့မြို့တော် မော်လမြိုင်အပါအဝင် မြို့နယ်အများစုမှာ ဆိုးဆိုးဝါးဝါး ဆီပြတ်လပ်မှု ဖြစ်ပေါ်နေပြီး အောက်တိန်း အမျိုးအစား 92 နဲ့ 95 ဓာတ်ဆီတွေအပြင် ပရီမီယံဒီဇယ်ဆီတွေကအစ ပြတ်လပ်နေတာပါ။

စက်သုံးဆီ ပြတ်လပ်မှုကြောင့် စက်သုံးဆီဆိုင်တွေက အရင်လို ရောင်းချပေးတာ မရှိသလို အချိန်ပိုင်း ရောင်းချပေးတဲ့ ဆိုင်တွေမှာလည်း အရင်လို ကား၊ ဆိုင်ကယ် အစီးရေ ဆယ်နဲ့ချီတန်းစီ ဝယ်ယူနေရတဲ့ အခြေအနေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

သထုံမြို့နယ် ဒေသခံတစ်ဦးကတော့ စက်သုံးဆီ ပြတ်လပ်နေတာကြောင့် စက်သုံးဆီဆိုင်အများစု အရောင်းပိတ်ထားသလို လမ်းဘေးဆိုင်တွေမှာလည်း ဝယ်ယူလို့ မရတဲ့အခြေအနေနဲ့ ကြုံနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သထုံမှာ ဆီဆိုင်ပါ ပိတ်သွားပြီ။ DENKO တို့ ဘာတို့လည်း မရတော့ဘူး။ လမ်းဘေးဆိုင်တောင် မရတော့ဘူး။ ဒီလိုပဲ တောင်းတောင်းပန်ပန်နဲ့ပဲ ဝယ်ရ လုပ်ရတာပေါ့။ ဆီက မရမှ မရတာ အသွားအလာတော့ နည်းနည်း ကျဲကုန်တာပေါ့။ ဆီမရှိတဲ့ အခါကျတော့”လို့ ဆိုပါတယ်။

ဒါ့အပြင် စက်သုံးဆီရတဲ့ ဆိုင်တချို့မှာလည်း လိုချင်တဲ့ စက်သုံးဆီအမျိုးအစား ဝယ်ယူလို့ မရဘဲ ရတဲ့ စက်သုံးဆီကိုသာ ထည့်ရသလို တန်းစီဝယ်ယူရတဲ့အတွက်လည်း အချိန်ကုန် လူပင်ပန်းပါ ဖြစ်ရတယ်လို့ သူက ဆက်ပြောပါတယ်။

မော်လမြိုင်မြို့ ခံတစ်ဦးကလည်း စက်သုံးဆီ ဆိုးဆိုးဝါးဝါး ပြတ်လပ်လာတာကြောင့် တန်းစီ ဝယ်ယူရတဲ့ အခြေအနေနဲ့ ထပ်ကြုံနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကြားမိတာတော့ မွန်ပြည်နယ် တစ်ခုတည်း ဖြစ်နေတယ်လို့ပဲ ထင်မိတယ်။ အရင်က ဆိုရင်တောင် ရှိမယ့် နေရာလေးသိရင် တိုးကြိတ်ပြီးတော့ သွားလို့ရတယ်ဗျာ။ အချိန်လေးလိုပြီးတော့ တန်းစီရင် ရတယ်။ အခုဟာက အဲဒီဆိုင်က ဓာတ်ဆီမရှိတော့ပြန်။ ဆီတော်တော် ပြတ်တယ်”လို့ ဆိုပါတယ်။

အရင်က စက်သုံးဆီ ပြတ်လပ်မှု ဖြစ်ရင်း မွန်ပြည်နယ် စစ်ကော်မရှင်က စက်သုံးဆီ အလုံအလောက် ရှိဖို့အတွက်ဆိုကာ အစည်းအ‌ဝေးခေါ်တာ၊ စက်သုံးဆီဆိုင်တွေမှာ အမှန်တကယ် စက်သုံးဆီ ရှိမရှိ စစ်ဆေးတာတွေ လုပ်ဆောင်ပေမယ့် လက်ရှိမှာတော့ ဖြေရှင်းဆောင်ရွက်တာ မတွေ့ရသေးပါဘူး။

စက်သုံးဆီဆိုင် လုပ်ငန်းရှင်တွေကတော့ မွန်ပြည်နယ်ရဲ့ စက်သုံးဆီ ခွဲတမ်းဟာ အရင်က ရန်ကုန် သီလဝါဆိပ်ကမ်းက သယ်ယူ ရပေမယ့် လက်ရှိမှာတော့ မုဒုံမြို့ ကဒုံပေါ်ကျေးရွာရှိ ရာဇာမင်း ဆိပ်ကမ်းက သယ်ယူရပြီး ဆိပ်ကမ်းက တာဝန်ရှိသူတွေရဲ့ စီမံခန့်ခွဲမှု အားနည်းချက်ကြောင့် စက်သုံးဆီ ပြတ်လပ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရာဇာမင်းဆိပ်ကမ်းမှာ စက်သုံးဆီ အမျိုးအစားအလိုက် အပြည့်အဝ ရှိပြီး အနီးအနားမှာ ဖြစ်ပေမယ့် စီမံခန့်ခွဲမှု အားနည်းချက်ကြောင့် စက်သုံးဆီ သယ်ယူပါက အနည်းဆုံး ၃ ရက်၊ ၄ ရက် ကြာတာကြောင့်လည်း အလျင်မမီတဲ့ အခြေအနေ ဖြစ်ပေါ်နေတာပါ။

မွန်ပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် မကြာခဏဆိုသလို စက်သုံးဆီ ပြတ်လပ်တာ၊ အချိန် အကြာကြီး တန်းစီ စောင့်ဆိုင်း ဝယ်ယူရတာ အပြင် လိုသလောက် ဝယ်ယူလို့ မရတာတွေကအစ မကြာခဏ ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...