ပြည်အကျဉ်းထောင်တွင် နိုင်ကျဉ်းများအား ခြိမ်းခြောက် ချိုးဖောက်မှုများပြုလုပ်နေ

ပြည်အကျဉ်းထောင်တွင် နိုင်ကျဉ်းများအား ခြိမ်းခြောက် ချိုးဖောက်မှုများပြုလုပ်နေ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသူ/သားများအပေါ် ထောင်ဝန်ထမ်းများက နည်းအမျိုးမျိုးဖြင့် အလွဲသုံးစားပြုလုပ်မှုနှင့် ခြိမ်းခြောက်မှုများ ပိုမိုလုပ်လာသည်ဟု နိုင်ငံရေး အကျဉ်းသူများ အဖွဲ့ (WOPP) က ပြောသည်။

ထောင်ဝန်ထမ်းများ၏ လုပ်ဆောင်ချက်များသည် နိုင်ငံရေးအကျဉ်းသူ/သားများ၏ အခြေခံ အကျဉ်းသား အခွင့်အရေးများနှင့် လူ့အခွင့်အရေးများကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း WOPP က အောက်တိုဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန် ထောက်ပြလိုက်ခြင်း ဖြစ်သည်။

ပြည်အကျဉ်းထောင်တွင် အကျဉ်းသားများ သွားလာရာ၌ပင် “ပခုံးချင်းယှဉ်ပြီး လာလမ်းမလျှောက်နဲ့၊ တွန်းချ ပစ်မှာ” ဟူသည့် စကားလုံးများဖြင့် ခြိမ်းခြောက်မှုများ ရှိနေကြောင်း WOPP သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ မစုမြတ် က ပြောသည်။

ထို့အပြင် ပြင်းထန်သော ခြိမ်းခြောက်မှုများလည်း ရှိနေပြီး “ထမင်းယူပြီးတော့ စားရတယ်။ ယူထားတဲ့ထမင်းက နည်းနည်းလေး ကျန်တာတွေ့ရင်တောင်မှ သွန်လို့မရဘူး။ သွန်တာတွေ့ရင် ချီးပုံးခပ်ရမယ်။ ဒဏ်ငွေ ရိုက်ခံရ မယ်” ဆိုသည့် ခြိမ်းခြောက်မှုများပါ ရှိနေသည်ဟု မစုမြတ်က ပြောသည်။

ယခင်ကပင် ခြိမ်းခြောက်မှုများ ရှိခဲ့သော်လည်း ထောင်ပိုင် ဦးသော်လှိုင်ထွန်း ပြောင်းလာပြီးနောက် ခြိမ်းခြောက်မှုများနှင့် ဖိနှိပ်မှုများ ပိုမိုဆိုးရွားလာခဲ့သည် ဟု WOPP က ဆိုသည်။

ထောင်ဝန်ထမ်းများက အကျဉ်းသားများ စည်းကမ်းချိုးဖောက်ခြင်း သို့မဟုတ် အသံကျယ်ကျယ် ပြောဆိုခြင်းတို့ အတွက် ရိုင်းစိုင်းသော စကားလုံးများဖြင့်လည်း ဆဲဆိုလေ့ရှိသည်ဟုလည်း ဆိုသည်။

နိုင်ကျဉ်းများကို ပြင်ပနှင့် အဆက်အသွယ် ဖြတ်တောက်ရန် (တစ်နည်းအားဖြင့် သတင်းအမှောင်ချရန်) ရည်ရွယ်၍ ဩဂုတ်လမှစပြီး တစ်လတစ်ကြိမ် မိသားစုများနှင့် တရားဝင် စာရေးသားဆက်သွယ်ခွင့်ကိုပါ ပိတ်ပင်ထားခဲ့သည်ဟု မစုမြတ်က ပြောသည်။

စာရေးသား ဆက်သွယ်ခွင့် ပိတ်ပင်လိုက်ခြင်းကြောင့် အကျဉ်းထောင် ပြောင်းရွှေ့သည့် အခြေအနေများ၊ အထူးသဖြင့် ကျန်းမာရေး အခြေအနေများကို မိသားစုများက အချိန်မီ မသိရှိနိုင်တော့ဘဲ စိုးရိမ်ပူပန်မှုများ ပိုမိုဖြစ်ပေါ်လာစေသည်။

ထို့အပြင် အကျဉ်းသားများ အာဟာရပြည့်ဝစွာ မစားရသည့်အတွက် မိသားစုပေးပို့သည့် ထောင်ဝင်စာများကို အဓိက မှီခိုနေရချိန်တွင် ထောင်ဝန်ထမ်းများက ပါဆယ်ပစ္စည်းများကို အရည်အသွေးညံ့သော ပစ္စည်းများနှင့် လဲလှယ်ခြင်း၊ ပစ္စည်းများ ထုတ်ယူသုံးစွဲခြင်း၊ အမျိုးအမည် ကန့်သတ်ခြင်း၊ ပါဆယ်ပို့ခွင့်ရရန်အတွက် ‘လက်ဖက်ရည်ဖိုး’ ဟုဆိုကာ ငွေကြေးပေါ်ပေါ်ထင်ထင် တောင်းခံခြင်းများ ဖြစ်ပေါ်နေကြောင်း WOPP က ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် ထောင်အာဏာပိုင်များသည် ‘ထောင်တွင်း၏ ဘုရင်များ’ ကဲ့သို့ ဖြစ်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မှတ်ချက်ပြုသည်။

“စစ်ကောင်စီကလည်း နိုင်ငံရေးအကျဉ်းသားကို ဖိနှိပ်လေ ပိုပြီးမှ သဘောကျလေ ဖြစ်တဲ့အတွက် ထောင်အာဏာပိုင်တွေဟာ စစ်ကောင်စီအလိုကျ ဖိနှိပ်မှုတွေကို ထဲထဲဝင်ဝင်ကိုမှ လုပ်ဆောင်တာမျိုးကို ပြုလုပ်လာကြ တယ်” ဟု ၎င်းက ပြောသည်။

စစ်ကော်မရှင်သည် နိုင်ငံရေးအကျဉ်းသားများကို ဓားစာခံ အနေဖြင့် အဓိက ဖမ်းဆီးထားခြင်းဖြစ်ရာ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်မှုများ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

WOPP က အကျဉ်းထောင်ထဲတွင် ရသင့်ရထိုက်သည့် အခွင့်အရေးများ နည်းမျိုးစုံဖြင့် ချိုးဖောက်ခံနေရသည့်အပေါ် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု လှုပ်ရှားသည့် အဖွဲ့အစည်းများအနေဖြင့် စစ်ကော်မရှင်က နိုင်ကျဉ်းများအားလုံးကို ချွင်းချက်မရှိ ပြန်လည် လွှတ်ပေးရန်အတွက် ဝိုင်းဝန်းတိုက်တွန်း ပေးကြဖို့ တောင်းဆိုထားသည်။

December 1, 2025
တနင်္သာရီတိုင်းတွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဥပဒေဖြင့် ဒေါင်းနက်အဖွဲ့ အပါအဝင် ဆန့်ကျင်သူများ...
November 28, 2025
ကချင်ပြည်ရှိ ဖားကန့်၊ ဝိုင်းမော်နှင့် ဗန်းမော်မြို့နယ်များတွင် စစ်ရေးတင်းမာမှုများ...
November 27, 2025
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း ၂၆ ခု၌...
November 26, 2025
ကိုးကန့်တပ်မတော် MNDAA မှ တပ်ဆုတ်ရန် ငြင်းပယ်မှုကြောင့် ရှမ်းပြည် မြောက်ပိုင်း၊...