မဲဆွယ်စည်းရုံးဖို့ လုံခြုံရေး အခက်အခဲရှိတယ်လို့ မွန်ညီညွတ်ရေးပါတီပြော

မဲဆွယ်စည်းရုံးဖို့ လုံခြုံရေး အခက်အခဲရှိတယ်လို့ မွန်ညီညွတ်ရေးပါတီပြော
Photo credit - MUP
Photo credit - MUP

အာဏာသိမ်း စစ်ကော်မရှင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးရမယ့် ရက်သတ်မှတ်လိုက်ပေမယ့် မဲဆွယ်ဖို့ လုံခြုံရေးအခက်အခဲရှိနေတယ် မွန်ညီညွတ်ရေးပါတီ ပြောခွင့်ရ နိုင်သန်းရွှေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် ကိုယ် စားလှယ်လောင်းတွေအတွက် စုဝေးဟောပြောတာနဲ့ မဲဆွယ်စည်းရုံးမှုတွေကို အောက်တိုဘာ ၂၈ ရက်နေ့ကနေ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ရက်ပေါင်း ၆၀ ခွင့်ပြုလိုက်တယ်လို့ အောက်တိုဘာ ၁၅ ရက်နေ့မှာ ကြေညာပါတယ်။

မဲဆွယ်ကာလအတွင်း ကိုယ်စားလှယ်လောင်းတွေနဲ့ နိုင်ငံရေးပါတီတွေဟာ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် စုဝေးဟောပြောတာနဲ့ မဲဆွယ်စည်းရုံးတာတွေကို သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်း ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မွန်ညီညွတ်ရေးပါတီ ပြောခွင့်ရ နိုင်သန်းရွှေကတော့ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်ရမယ့်ရက်ကို ထုတ်ပြန်လာပေမယ့် ကိုယ်စားလှယ်လောင်းစာရင်းတွေ မထုတ်ပြန်သေးတာကြောင့် ဘာမှ မလုပ်ရသေးသလို မဲဆွယ်ဖို့အတွက်လည်း လုံခြုံရေး အခက်အခဲ ရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ရွေးကောက်ပွဲ ကော်မရှင်ကတော့ ပြောထားပြီးပေါ့နော်။ ဒါပေမယ့် ကိုယ်စားလှယ်လောင်း စာရင်းကတော့ မထုတ်ပြန်ရသေးဘူးဆိုတော့ ကျွန်တော်တို့လည်း ဘာမှ မလုပ်ရသေးဘူးဆိုတဲ့သဘောပေါ့။ အခက်အခဲတချို့တော့ ရှိနိုင်ပါတယ်။ ဘာဖြစ်လို့ဆိုတော့ လူထုတွေကလည်း လောလောဆယ် ရွေးကောက်ပွဲကို စိတ်ဝင်စားမှု အားနည်းတာတို့ ရှိတာပေါ့နော်။ နောက်ပြီးတော့ ကျွန်တော်တို့ သွားဖို့လာဖို့လည်း အဓိက လုံခြုံရေးကိစ္စလည်း ကျွန်တော်တို့ အခက်အခဲရှိတယ်” လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရမယ့်ကာလကို သတ် မှတ်ပေးလိုက်ပေမယ့် မဲဆွယ်စည်းရုံးစဉ်ကာလအတွင်း ကိုယ်စားလှယ်လောင်းတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး ဘယ်လိုဆောင်ရွက် ပေးသွားမလဲဆိုတာကိုတော့ အခုအချိန်ထိ ထုတ်ပြန်ပြောဆိုတာ မရှိပါဘူး။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲမှာ ပါဝင်မယ့် နိုင်ငံရေးပါတီဝင်တွေ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးတဲ့ ကာလကနေ မဲပေးကာလအထိ လုံခြုံစွာ လုပ်ကိုင်နိုင်ရေး လိုအပ်တဲ့ ကာကွယ်ပေးမှုတွေ ဆောင်ရွက်ပေးသွားမယ်လို့ ပြီးခဲ့တဲ့ ဩဂုတ် ၁၂ ရက်နေ့မှာ ပြောဆိုထားပါတယ်။

မွန်ပြည်နယ်အခြေစိုက် မွန်ညီညွတ်ရေးပါတီဟာ စစ်ကော်မရှင်က ပြုလုပ်မယ့် အထွေထွေ ရွေး ကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ဖို့အတွက် ကိုယ်စားလှယ်လောင်း နေရာ ၃၇ နေရာအထိ အမတ်လောင်း အမည်စာရင်း တင်သွင်းထားပါတယ်။

မွန်ညီညွတ်ရေးပါတီဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ်မြေပေါင်း ၄၅ နေရာအထိ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အဲဒီထဲမှာ မဲဆန္ဒနယ်မြေ ၁၂ နေရာ အနိုင်ရရှိခဲ့ဖူးတာ ဖြစ်ပါတယ်။

ဓာတ်ပုံ-CJ
March 23, 2026
အရှေ့အလယ်ပိုင်းဒေသက အီရန်နဲ့ အမေရိကန်-အစ္စရေး စစ်ပွဲကြောင့် တခြားနိုင်ငံတွေနည်းတူ...
ဓာတ်ပုံ-USDP
March 21, 2026
စစ်ကော်မရှင်ကနေ ဦးဆောင်ကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်အနိုင်ရရှိခဲ့တဲ့...
March 20, 2026
မွန်ပြည်နယ်ကို စစ်ကောင်စီ တာဝန်ယူပြီးနောက်ပိုင်း တည်ငြိမ်ရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့...
ဓာတ်ပုံ-CJ
March 19, 2026
မွန်ပြည်နယ်မှာ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲပြီးနောက် စစ်ကော်မရှင် လက်အောက်ခံ...