ဆီဆိုင်မှာ စစ်ကောင်စီနဲ့ PNO စစ်ကြောင်းထိုးတာကြောင့် တိုက်ပွဲဖြစ်ပွား၊ ပြည်သူ့နေအိမ်မီးရှို့မှုအပြင် အရပ်သားတွေကို သတ်ဖြတ်ခဲ့

ဆီဆိုင်မှာ စစ်ကောင်စီနဲ့ PNO စစ်ကြောင်းထိုးတာကြောင့် တိုက်ပွဲဖြစ်ပွား၊ ပြည်သူ့နေအိမ်မီးရှို့မှုအပြင် အရပ်သားတွေကို သတ်ဖြတ်ခဲ့

ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်အတွင်းက နောင်ကျောကျေးရွာအုပ်စုနဲ့ တောင်ရှေ့ကျေးရွာအုပ်စုအတွင်းကို စစ်ကောင်စီနဲ့ ပြည်သူ့စစ် PNO တို့ စစ်ကြောင်းထိုးလာခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကာ ပြည်သူ့ နေအိမ်မီးရှို့မှုနဲ့ ပြည်သူ သတ်ဖြတ်မှုတွေ လုပ်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

စစ်ကောင်စီနဲ့ PNO တို့ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရက်နေ့ကစပြီး အင်အား (၁၀၀၀) ကျော် စတင်စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး တစ်ပတ်ကျော်ကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ခွန်ရိန်းယံက ပြောပါတယ်။

“အင်အားအဆမတန် ထိုးပြီး စစ်ဆင်လာတဲ့အခါမှာ သူတို့ ကျေးရွာအတွင်းကို ဝင်ရောက်နိုင်သွားတဲ့ အခြေအနေမျိုးမှာ ဖြစ်ပါတယ်။ အဲ့ဒီမှာ သူတို့က ရွာတွေကို မီးရှို့တယ်။ ပြီးတော့ ပြည်သူ တစ်ဦးကိုလည်း ပစ်သတ်ခဲ့တယ်ပေါ့လေ။”လို့ ခွန်ရိန်းယံက ဆိုပါတယ်။

အဆိုပါ အရပ်သားကို သတ်ဖြတ်မှုနဲ့ နေအိမ်မီးရှို့မှုကိုတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက်နေ့မှာ လုပ်ခဲ့တာပါ။

ပစ်သတ်ခံရတဲ့ အရပ်သားကတော့ စလောင်းထောင်ကျေးရွာက အသက် ၃၈ နှစ်အရွယ် ဒေသခံ အမျိုးသား ဖြစ်ပြီး နေအိမ် မီးရှို့မှုဟာ နောင်ထော်ကျေးရွာမှာရှိတဲ့ ကယန်းပိုင်းရပ်ကွက်နဲ့ နောင်ထောဝ် ကုလားလမ်း ကျေးရွာမှာ ဖြစ်ခဲ့ကာ နေအိမ် ၂၄ လုံး ထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဩဂုတ်လ ၁၃ ရက်နေ့မှာ PNLA က ထုတ်ပြန်ထားတာရှိပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ် PNO တပ်ဖွဲ့တို့ကို PNLA တပ်ဖွဲ့ကနေ ပြန်လည် ခုခံတိုက်ခိုက်ခဲ့ပေမဲ့ စစ်ကောင်စီဖက် အင်အားများတဲ့အပြင် တိုက်ပွဲအတွင်း လေကြောင်းပါ အသုံးပြုတိုက်ခိုက်နေတာကြောင့် PNLA ဖက်မှ ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီနဲ့ ပြည်သူ့စစ် PNO တပ်ဖွဲ့ဘက်က လူအင်အား ၁၀၀ ဝန်းကျင် ထိခိုက်ကျဆုံးခဲ့တယ်လို့ ဆိုပေမယ့် ကန္တာရဝတီတိုင်း(မ်) အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။

အခုလို စစ်ကောင်စီ စစ်ကြောင်းထိုးတာ၊ အရ့ပ်သားကိုသတ်ဖြတ်တာနဲ့ နေအိမ် မီးရှို့တာတွေကြောင့် လက်ရှိ မှာ ဒေသခံ ၂၀၀၀ ကျော် ထပ်မံ တိမ်းရှောင်မှုတွေ ရှိခဲ့တယ်လို့ PNLA တပ်ဖွဲ့ဆီကနေ သိရပါတယ်။

Most read this week

February 13, 2026
ကရင်နီပြည် ၊ ဖားဆောင်းမြို့ကို ပြန်လည်ရရှိနိုင်ဖို့အတွက် စစ်ကော်မရှင်တပ် က အပြင်းအထန်...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
February 12, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတရွာရဲ့ ရေတွင်းပျက်ထဲမှာ ရှိနေတဲ့...
February 11, 2026
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်းတစ်နေရာမှာ...
February 10, 2026
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ၁ လေးလုံး စစ်ဆင်ရေးမတိုင်အချိန်က စစ်ကော်မရှင်တပ်တွေ အထိုင်ချ...