မွန်ပြည်နယ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၃၀ နီးပါးပျက်စီး၊ လူသုံးဦးဒဏ်ရာရ

မွန်ပြည်နယ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၃၀ နီးပါးပျက်စီး၊ လူသုံးဦးဒဏ်ရာရ

မွန်ပြည်နယ်ရဲ့ မြို့နယ် သုံးခုမှာ ဝီဖာမုန်တိုင်းအရှိန်ကြောင့် လေဆင်နှာမောင်းနဲ့ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၃၀ နီးပါး ပျက်စီးခဲ့ပြီး လူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံက သိရပါတယ်။

ပေါင်၊ သထုံနဲ့ သံဖြူဇရပ်မြို့နယ်တို့မှာ ဇူလိုင် ၂၃ ရက်နေ့ ညပိုင်းနဲ့ ဇူလိုင် ၂၄ ရက်နေ့ မနက်ပိုင်းတို့မှာ လေဆင်နှာမောင်းနဲ့ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်၊ ဓာတ်မီးတိုင်နဲ့ သစ်ပင်တွေလည်း ပြိုကျ ပျက်စီးခဲ့တာပါ။

လေပြင်းတိုက်ခတ်မှုကြောင့် သထုံမြို့နယ် နောင်ကုလားကျေးရွာမှာ နေအိမ်အလုံး ၅၀ နီးပါး အမိုးလန်တာ၊ ပြိုကျပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပေါင်မြို့ ပေါင်းရပ်ကွက်နဲ့မိုးနိုင်းရပ်ကွက်တို့မှာလည်း နေအိမ်အလုံး ၅၀ နီးပါး ပြိုကျပျက်စီးခဲ့သလို မိုးနိုင်းရပ်ကွက်က သက်ကြီးပိုင်း အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သံဖြူဇရပ်မြို့နယ် ဝယ်ကဝါကျေးရွာမှာလည်း လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်အလုံး ၃၀ နီးပါး ပြိုကျပျက်စီးခဲ့သလို အမျိုးသမီးနှစ်ဦးပါ ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ လေဘေးသင့် ပြည်သူ ၅၀၀ ကျော်ဟာ နီးစပ်ရာ ဘုန်းကြီးကျောင်း၊ ဆွေမျိုးနေအိမ်တွေနဲ့ ဓမ္မာရုံတွေမှာ ယာယီပြောင်းရွေ့နေထိုင်နေကြရတယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း ဝီဖာမုန်တိုင်းကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ် အပါအဝင် တိုင်းနဲ့ ပြည်နယ် ၈ ခုမှာ လေပြင်းတိုက်ခတ်တာ၊ မိုးကြီးတာ၊ ရေကြီးတာနဲ့ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလက အသိပေး ထုတ်ပြန်ထားပါတယ်။

Most read this week

June 15, 2026
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်တာအတွင်း စစ်တပ်က ပြည်သူတွေနဲ့...
June 13, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...
June 12, 2026
မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး စစ်အစိုးရခန့် ပြည်နယ်...
June 11, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...