ကော့ကရိတ်တိုက်ပွဲကြောင့် မော်လမြိုင်ကို စစ်ရှောင်သူတွေများလာ

ကော့ကရိတ်တိုက်ပွဲကြောင့် မော်လမြိုင်ကို စစ်ရှောင်သူတွေများလာ
ဓာတ်ပုံ - Nai Aung(Fb)
ဓာတ်ပုံ - Nai Aung(Fb)

ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြောက်ဘက်ပိုင်းနဲ့ ကျုံဒိုး-ကော့ကရိတ် အာရှလမ်းတစ်လျှောက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မွန်ပြည်နယ် မော်လမြိုင်မြို့ထံ လာရောက်စစ်ရှောင်သူတွေ များလာတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကော့ကရိတ်တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ သင်္ကြန်အကျနေ့ကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တွေအကြား နေ့စဉ်နီးပါး တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။

နှစ်ဖက်တိုက်ပွဲတွေအပြင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကမ်းနီ၊ သရက်တော၊ ရေပူ စတဲ့ကျေးရွာတွေအပြင် ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းက ဒေသခံပြည်သူ ထောင်နဲ့ချီ စစ်ရှောင်နေရတာပါ။

စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးကတော့ မော်လမြိုင်ကို ရောက်ရှိလာတဲ့ စစ်ရှောင်တွေဟာ နီးစပ်ရာ ဆွေမျိုးနေအိမ်တွေမှာ နေထိုင်တာရှိသလို ဘုန်းကြီးကျောင်းတွေမှာ နေထိုင်တာရှိပြီး လတ်တလော စားနပ်ရိက္ခာ လိုအပ်ချက်ရှိတယ်လို့ ပြောပါတယ်။

“မော်လမြိုင်ဘက်မှာတော့ လောလောဆယ် ဆွေမျိုးအိမ်တို့ နီးစပ်ရာပေါ့ဗျာ။ သွားလာတာ ရှိတယ်။ နောက်ရွာသစ်ဘက်မှာ ဘုန်းကြီးကျောင်းမှာပေါ့။ စုနေတာ ၁၀၀/၁၅၀ ဝန်းကျင်လောက်တော့ ရှိတယ်။ လောလောဆယ် လိုအပ်ချက်ကတော့ သူတို့ ဒီမှာ စစ်ရှောင်လာတော့ စားနပ်ရိက္ခာတွေ လိုတာပေါ့။ နောက်ဒီဟာက ဘယ်လောက်ကြာမလဲမသိဘူး။ ရေရှည်ဘယ်လိုဖြစ်လာမလဲ မသိတဲ့ အခါကျတော့ ဒါတော့နည်းနည်း သတိပြုစရာတစ်ခုပေါ့” လို့ ဆိုပါတယ်။

စစ်ဘေးရှောင်သူတွေကိုတော့ စစ်ဘေးရှောင်အရေး ကူညီသူတွေက စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနေတာရှိပြီး စစ်ဘေး‌ရှောင်သူဦးရေ များလာတာနဲ့အမျှ အခြေခံစားသောက်ကုန်၊ ဆေးဝါးတွေလည်း လိုအပ်မှုရှိလာမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာလည်း နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်;ထန်နေပြီး စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးအပါအဝင် ဒရုန်းတွေနဲ့ပါ ကျေးရွာတွေကို တိုက်ခိုက်နေတာကြောင့် စစ်ဘေးရှောင်တွေ ထပ်တိုးလာနိုင်တဲ့ အခြေအနေရှိတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေက ပြောကြပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေယာဉ် ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာအပြင် ဒရုန်းတိုက်ခိုက်မှုတွေကြောင့် သင်္ကြန်ကာလအတွင်း ကျေးရွာနေ ဒေသခံပြည်သူ ၂၀ နီးပါး သေဆုံးခဲ့သလို ၂၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုကလည်း ကရင်ပြည်နယ် နေရာအနှံ့အပြားမှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတဲ့အတွက် ပြည်သူလူထုတွေအနေနဲ့ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေထဲကို အရေးပေါ် အကြောင်းကိစ္စမရှိဘဲ သွားလာတာတွေ မပြုလုပ်ဖို့ ဧပြီ ၁၉ ရက်နေ့မှာ သတိပေးထုတ်ပြန်ပါတယ်။

Most read this week

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...