ကရင်နီ ဒုက္ခသည်စခန်းမှာ သန္ဓေတားဆေး ပြတ်လပ်တော့မည်

ကရင်နီ ဒုက္ခသည်စခန်းမှာ သန္ဓေတားဆေး ပြတ်လပ်တော့မည်

ကရင်နီ ဒုက္ခသည်စခန်းအမှတ် (၁) က မျိုးဆက်ပွားကျန်းမာရေးနှင့် ကလေးကျန်းမာရေး စောင့်ရှောက်ရေးဆေးခန်းမှာ သန္ဓေတားဆေး၊ ထိုးဆေးတွေကို ဖေဖော်ဝါရီလကုန်အထိသာ ရယူနိုင်ပြီး နောက်ပိုင်းမှာ ပြတ်လတ်နိုင်တယ်လို့ ကရင်နီကျန်းမာရေးဌာန (KnHD) ညွှန်ကြားရေးမှူး နော်ခူဖောက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့စလို့ ရက်ပေါင်း ၉၀ အတွင်း အမေရိကန်အစိုးရရဲ့ ဒုက္ခသည်တွေကို အကူအညီပေးတဲ့ အသုံးစရိတ်ကို ယာယီရပ်ဆိုင်းထားတာကြောင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေ ယာယီဆိုင်းငံ့ထားတာပါ။ သန္ဓေတားဆေး မှီဝဲသုံးစွဲနေတဲ့ ဒုက္ခသည်စခန်းက အမျိုးသမီးတွေအတွက် ဒီလကုန်အထိသာ ဝန်ဆောင်မှုပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

“သန္ဓေတားဆေးပေါ့ Family planning ဆေးတွေပေါ့ အဲ့ဒီဆေးတွေက မရှိတော့တာ မပါတော့တာ Key Activity ထဲမှာ မပါတော့တဲ့အတွက်ကြောင့်။ ကျမတို့ဆီမှာက ဆေးလာထိုးတာ၊ ဆေးလာစားတာက၊ တစ်လတစ်လဆိုရင် တော်တော်များတယ်။ ၂၀၀ ကျော်လောက်ရှိတယ်။ အခုက ၂၀၀ ကျော်က သူတို့က ဆေးမရှိတော့ဘူးဆိုရင် သူတို့နည်း သူတို့ဟန်နဲ့ ရှာရမှာပေါ့။ မရှာရင်တော့ ကိုယ်ဝန်ဆောင်နှုန်းတွေ ပိုမြင့်လာမယ် အဲ့လိုတော့ ရှိတာပေါ့ နောက်ဆက်တွဲတွေက” လို့ နော်ခူဖောက ပြောပါတယ်။

ယခင်က မိသားစုစီမံကိန်းခေါင်းစဉ်အောက်ကနေ ကိုယ်ဝန်သန္ဓေတားဆေး (ထိုးဆေး/စားဆေး) နဲ့ သားဆက်ခြားနည်းတွေကို ပြုလုပ်ခဲ့တာဖြစ်ပေမယ့် လက်ရှိမှာတော့ အဲ့ဒီလုပ်ငန်းစဉ်တွေကို ယာယီရပ်ဆိုင်းထားတာဖြစ်ပါတယ်။

လစဉ် ပုံမှန်မှီဝဲနေတဲ့ စားဆေး၊ ထိုးဆေး၊ အကာအကွယ်ပစ္စည်းကို မျိုးဆက်ပွားကျန်းမာရေးနှင့် ကလေးကျန်းမာရေး စောင့်ရှောက်ရေးဆေးခန်းမှာ လာရောက်ယူကြတာဖြစ်ပါတယ်။

ဒုက္ခသည်စခန်း အမှတ် (၁) ဆေးခန်းက အမျိုးသမီးလူဦးရေ ၂၀၀ ကျော်က သန္ဓေတားဆေးတွေကို အခမဲ့ အသုံးပြုနေကြပြီး ဆေးပြတ်လပ်သွားပါက မိမိတို့အစီအစဉ်နဲ့သာ ဝယ်ယူရမှာဖြစ်တာကြောင့် ငွေကြေးကုန်ကျမှု ပိုများနိုင်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ ကူညီကယ်ဆယ်ရေးကော်မတီ (IRC) လက်အောက်က ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း အားလုံးကို ယာယီရပ်ဆိုင်းလိုက်ပေမယ့် လိုအပ်ချက်အရ ကရင်နီဒုက္ခသည်စခန်းက ဆေးခန်းကို လတ်တလောမှာ တနင်္လာနေ့မှ သောကြာနေ့အထိ ဖွင့်လှစ်ထားပါတယ်။

အရေးကြီးလူနာနဲ့ အရေးပေါ်လူနာတွေကို အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာလည်း ရှိပါတယ်။

သို့ပေမယ့် တစ်ပတ်လျှင် တစ်ကြိမ်သာ ဆေးဝါးကို အကန့်အသတ်နဲ့သာ ပေးဝေထားတာကြောင့် လုံလောက်မှုမရှိဘူးလို့ ဆိုပါတယ်။

ဆေးခန်းအတွက် လိုအပ်တဲ့ ဆေးဝါးတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေကို အကူအညီတောင်းခံထားသလို ကရင်နီကျန်းမာရေးဝန်ကြီးဌာနကိုလည်း ချိတ်ဆက်ဆောင်ရွက်ထားပြီး ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေကို ပုံမှန်ဆောင်ရွက်လျက်ရှိနေပါတယ်။

April 10, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဒေသတွေမှာ ဓာတ်ဆီတစ်လီတာကို နှစ်သောင်းကျပ်အထိ...
April 9, 2026
လောင်စာဆီ ချွေတာရေးအစီအမံအတွက် စက်သုံးဆီတင်သွင်းသယ်ယူမှု အခွန်ကင်းလွတ်ခွင့်ကို...
April 8, 2026
စစ်အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ သတင်းရယူနေတဲ့ အမျိုးသမီးသတင်းထောက်တွေ အထူးသဖြင့်...
April 7, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ စစ်တပ်ထုပ်ကုန်တွေဖြစ်တဲ့ ဒဂုံဘီယာနဲ့မြန်မာဘီယာ ဖာ ၁၀၀...