ပြည်သူတစ်ရပ်လုံးပါဝင်တဲ့ လူထုတိုက်ပွဲဆင်နွှဲတော့မယ်လို့ KNU ပြော

ပြည်သူတစ်ရပ်လုံးပါဝင်တဲ့ လူထုတိုက်ပွဲဆင်နွှဲတော့မယ်လို့ KNU ပြော

အဖက်ဖက်ကနေ ကျရှုံးလာတဲ့ စစ်ကောင်စီကို စစ်ဆင်ရေးဘက်မှာ ပိုမိုပြင်းထန်ပြီး ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်တဲ့ လူထုတိုက်ပွဲ ဖော်ဆောင်တော့မယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊စစ်ရေးနဲ့ KNU ရဲ့ ရပ်တည်ချက်သဘောထားတွေနဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၁၇ ရက်နေ့က ပြည်သူလူထုထံ တရားဝင်အသိပေး ထုတ်ပြန်ပြောကြားစဉ် KNU ပြော ရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် နိုင်ငံတဝန်းမှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် အထိနာနေတဲ့ စစ်ကောင်စီတပ်ကို ဟန်ချက်ညီ စစ်ဆင်ရေးစတင်တော့မယ်လို့ KNU က အသိပေးလာတာပါ။

ပဒိုစောတောနီးက လူထုတိုက်ပွဲဖော်ဆောင်ရာမှာ စစ်ကောင်စီကို နိုင်ငံရေး၊စစ်ရေးနဲ့ သံတမန်ရေးတိုက်ပွဲတွေအပြင် စီးပွားရေးပိတ်ဆို့မှုတွေအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်တဲ့ လူထုတိုက်ပွဲ ဖော်ဆောင်တော့မယ်လို့ အသိပေးပြောဆိုခဲ့တာပါ။

"ဒီထက်ပိုပြီးတော့လည်း လာမယ့်မဝေးတော့တဲ့ အနာဂတ်ကာလမှာ ပိုမိုပြင်းထန်လာတဲ့ လှိုင်းလုံးဂယက်ကြီးတွေနဲ့ ဆက်ကာဆက်ကာ ဒီအကြမ်းဖက်စစ်ကောင်စီကို ရိုက်ခတ်တော့မှာဖြစ်ပါတယ်နော်။ ဒီလိုရိုက်ခတ်တဲ့အခါမှာ မျက်နှာစာအသီးသီးမှာရှိတဲ့ နိုင်ငံရေးတိုက်ပွဲတွေ မျက်နှာစာအသီး သီးမှာရှိတဲ့ သံတမန်ရေးတိုက်ပွဲတွေ၊ နောက်ပြီးတော့ စီးပွားရေးပိတ်ဆို့မှုတွေ၊ နောက်ပြီးတော့ ပြည်သူလူထုတစ်ရပ်လုံးပါဝင်တဲ့ လူထုတိုက်ပွဲတွေကိုလည်း ကျွန်တော်တို့ဖော်ဆောင်တော့မှာဖြစ်ပါတယ်" လို့ ပဒိုစောတောနီးက ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ ကရင်အမျိုးသားအ စည်းအရုံး KNU နယ်မြေထဲမှာ KNU ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း ၁၁၀၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံး ဒဏ်ရာရရှိသူ စုစုပေါင်း ၁၈၀၀၀ ကျော်ရှိခဲ့တယ်လို့ KNU  က အသိပေးထားပါတယ်။

KNU နယ်မြေက တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ ထိခိုက်သေဆုံးဒဏ်ရာရရှိတဲ့အရေအ တွက်ဟာ စစ်ကောင်စီအတွက် အင်မတန်သွေးပျက်စရာကောင်းလှသလို ဒီနေ့ဒီကာလမှာလည်း စစ်မြေပြင်မှာ စစ်ဆင်ရေးလုပ်ဆောင်နိုင်တဲ့ စစ်ကောင်စီတပ်ရဲ့ အင်အားဟာလည်း လျော့နည်းလာတယ်လို့ ပဒိုစောတောနီးက ဆိုပါတယ်။

"ကျွန်တော်တို့(KNU)ဟာ စစ်ရေးဘက်မှာ ဒီထက်ပိုပြီး ပြင်းထန်တဲ့ရိုက်ခတ်မှုမျိုး ဒီထက်ပိုမိုပြင်း ထန်လာတဲ့ ပြည်သူလူထုနဲ့အတူ လှိုင်းဂယက်မျိုးကို ကျွန်တော်တို့ သယ်ဆောင်လာတော့မှာဖြစ်ပါတယ်နော်။ အဲဒါကြောင့်မို့လို့ ဒီနေ့ဒီကာလမှာ စစ်ကောင်စီဟာ အင်မတန်မှပဲနိုင်ငံရေးအရရော၊ စစ်ရေးအရရော ဆောက်တည်ရာမရတဲ့ အနေအထားမျိုးကို ကြုံတွေ့ရပြီဖြစ်ပါတယ်" လို့ KNU  ပြော ရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ဒါ့အပြင် လတ်တလောဖြစ်ပေါ်နေတဲ့ ရှမ်းမြောက်ဒေသက တိုက်ပွဲတွေမှာ မဟာမိညီနောင် ၃ ဖွဲ့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေကြောင့် အခက်အခဲအကြပ်အတည်းပေါင်းစုံနဲ့ ကြုံနေရပြီး ဂနာမငြိမ်ဖြစ်နေတဲ့ စစ်ကောင်စီဟာ စစ်ကူကိုဘယ်လိုမှ မပို့ဆောင်နိုင်တော့သလို တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးဒဏ်ရာရရှိသွားတဲ့ အရေအတွက်ကိုလည်း ပြန်ပြီးမဖြည့်ဆည်းနိုင်တော့ဘူးလို့ ပဒိုစောတောနီးက ဆိုပါတယ်။

အခုလို အခြေအနေမှာ အဖက်ဖက်ကနေ ရှုံးနိမ့်လာနေတဲ့ စစ်ကောင်စီဟာ လုပ်ရိုးလုပ်စဉ်အတိုင်း မရိုးနိုင်တဲ့ အကွက်ဟောင်းတွေဖြစ်တဲ့ မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ယောက်စ နှစ်ယောက်စကို ပြန်လွှတ်ပေးပြတာ၊ ကျော်ကြားထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ဦးကို လွှတ် ပေးပြီး ပြည်သူလူထုဝေဝါးစေနိုင်တဲ့ ဆွေးနွေးမှုနဲ့ အပေးအယူလုပ်ဆောင်တာမျိုးကို လုပ်ဆောင်လာနိုင်တဲ့အကြောင်း ပဒိုစောတောနီးက အသိပေးပါတယ်။

ဒါ့အပြင် စစ်ကောင်စီကအနေနဲ့ လက်ရှိတာဝန်ယူထားသူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နေရာအပြောင်းအလဲတစ်ခုခု ပြုလုပ်ပြီး အခြားလူတစ်ဦးနဲ့ အစားထိုးတဲ့ ဟန်ပြအ ပြောင်းအလဲမျိုးတွေ လုပ်ဆောင်လာနိုင်တယ်လို့ KNU က သုံးသပ်ထားပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့အတူ တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် နိုင်ငံတဝန်းရှိ တပ်စခန်း ၂၀၀ နီးပါး ကျဆုံးထားရပြီး မြို့တွေကိုလည်း တစ်မြို့ပြီးတစ်မြို့ လက်လွှတ်နေရပါတယ်။

Most read this week

December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...
December 18, 2025
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း လူငယ် ၁၀၀ ကျော်ကို စစ်ကော်မ...
Photo credit - MOI
December 17, 2025
နိုင်ငံတဝန်းမှာ စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲအား နှောင့်ယှက်ဟန့်တားမှုကြောင့် လူပေါင်း...
December 16, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့...