ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ လုပ်ခလစာကို ခေါင်းပုံဖြတ်ဖို့ စစ်ကောင်စီကြိုးပမ်း

ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ လုပ်ခလစာကို ခေါင်းပုံဖြတ်ဖို့ စစ်ကောင်စီကြိုးပမ်း

ဓာတ်ပုံ-CJ

ပြည်ပနိုင်ငံတွေမှာ သွားရောက် အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ မိသားစုထံပေးပို့တဲ့ လုပ်ခ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ တရားဝင်ဘဏ်စနစ်ကနေ မဖြစ်မနေလွှဲပြောင်းရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားလာပါတယ်။

စစ်ကောင်စီ ဩဇာခံ အလုပ်သမား ဝန်ကြီးဌာနရဲ့ ညွှန်ကြားစာအရ ပြည်ပထွက် အလုပ် လုပ်သူတွေ အနေနဲ့ သူတို့လစာရဲ့ ၂၅ ရာခိုင်နှုန်းကို တစ်လတစ်ကြိမ် ဒါမှမဟုတ် ၃ လတစ်ကြိမ် မဖြစ်မနေ လွှဲပြောင်းပေးပို့ရမှာ ဖြစ်ပါတယ်။

အဲဒီအချက်ကို အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီနဲ့ အလုပ်သမားကြား သဘောတူကြောင်း စာချုပ်ချုပ်ဖို့ လိုအပ်ပြီး ပြည်တွင်းဘဏ်တွေမှာ Special Account ငွေစာရင်း ဖွင့်ထားရမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) အကြံပေး ဦးအောင်ကျော်က “ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ နိုင်ငံပြင်ပကို ရောက်ရှိနေကြတဲ့ အလုပ်သမားတော်တော်များများက လုံးဝ လက်မခံဘူးဗျ။ ဘာကြောင့်လဲဆိုတော့ ပုံမှန်အတိုင်းဆို သူတို့ရဲ့လုပ်အားခတွေကို မိသားစုထံ လွှဲပြောင်းတဲ့အခါ ပြင်ပပေါက်ဈေးနဲ့ အပြည့်အဝရရှိနေကြတယ်။ စစ်ကောင်စီကနေပြီးတော့မှ သူတို့ရဲ့ ဘဏ်ထဲကို လွှဲပြောင်း ထည့်မယ်၊ ငွေကြေးအပြောင်းအလဲတွေ အတက်အကျဈေးတွေကို ပုံမှန်ထက်မလုပ်ပေးမှာ စိုးရိမ်နေတဲ့အတွက် တော်တော်များများ ဒီကိစ္စသဘောမတူဘူးဆိုတာ ကြားသိနေရပါတယ်” လို့ ပြောပါတယ်။

ပြည်ပရောက် မြန်မာလုပ်သားတွေဟာ မိသားစုထံ ငွေကြေးလွှဲပြောင်းတဲ့အခါ ပြင်ပပေါက် ဈေးနဲ့ရရှိနေတဲ့ အတွက် စစ်ကောင်စီညွှန်ကြားချက်အပေါ် သဘောမတူကြဘူးလို့ ဦးအောင်ကျော်က သံလွင်တိုင်းမ်ကို ပြောပါ တယ်။

NUG အလုပ်သမားဝန်ကြီးဌာနကတော့ စစ်ကောင်စီအနေနဲ့ အလုပ်သမားတွေကို မတရားအာဏာပြ ဖိနှိပ်ဖို့နဲ့ သမ္မာအာဇီဝချွေးနည်းစာကို အဓမ္မခေါင်းပုံဖြတ်ပြီး ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက်သတ်ဖြတ်ဖို့ လိုအပ်တဲ့ လက်နက်ခဲယမ်းနဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်တဲ့ စစ်လေယာဉ်ဆီဝယ်ယူရာမှာ အသုံးပြုဖို့ အဓိကရည်ရွယ် တာလို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းကနေ ပြန်မလွှဲရင် နောက်တစ်ကြိမ် ပြည်ပထွက် အလုပ်လုပ်ခွင့် ၃ နှစ် ပိတ်ပင်သွားမှာဖြစ်သလို ပဋိညာဉ်ဥပဒေအရပါ အရေးယူခံရမယ်လို့ ခြိမ်း ခြောက်ထားပါတယ်။

ပြည်ပရောက် ရွှေ့ပြောင်းလုပ်သား အမျိုးသမီးတစ်ဦးကတော့ လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်းကို စစ်ကောင်စီထံ လွှဲပြောင်းပေးဖို့ စိတ်ကူးမရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“(၂၅) ရာခိုင်နှုန်း လိုချင်တယ်ဆိုတော့မှ ကျွန်တော်တို့က ဘယ်လိုပြောရမှာလဲ။ မပေးဘူးဆိုရင် သုံးနှစ် ထွက်ခွာ ခွင့် ပိတ်မယ်ဆိုတော့ ကျွန်တော်တို့ အခုရောပြန်လို့ရလား။ ကောင်းကောင်းမွန်မွန် ပြန်လို့မရဘူးလေ။ အဲဒီတော့ ကျွန်တော်တို့ အနေနဲ့ကတော့ ပေးဖို့စိတ်ကူးမရှိဘူး။ ပြန်ဖို့ကလည်းအခုချိန်မှာ တော်လှန်ရေးမပြီးမချင်းပြန်ဖို့ စိတ်ကူးမရှိဘူး။ သူတို့ဖာသူတို့ ၂၅ရာခိုင်နှုန်းမကလို့ ဘယ်လောက်ပဲဖြတ်ဖြတ်ပေါ့နော် အိမ်ကိုပို့တဲ့အခါမှာ။ သူ တို့ စစ်တမ်းကောက်ယူပြီးတော့မှပဲဖြတ်ဖြတ်၊ ဘယ်လိုပဲဖြတ်ဖြတ် ကျွန်တော်တို့ဘက်ကမပေးရင် သူတို့မရဘူး လေ။ ပေးဖို့စိတ်ကူးမရှိဘူးပေါ့နော်” လို့ ပြောပါတယ်။

ဗဟိုဘဏ်ကတော့ ပြည်ပမှာအလုပ်လုပ်ကိုင်နေကြတဲ့ နိုင်ငံသားတွေရဲ့ နိုင်ငံခြားငွေနဲ့ရရှိတဲ့ လုပ်ခလစာတွေကို နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားနေတဲ့ (AD) လိုင်စင်ရ ဘဏ်တွေကနေ တရားဝင်ပြန်လွှဲပြီး စိတ်ကြိုက် သုံးစွဲနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီအပေါ် ပြည်တွင်းအခွန်ဦးစီးဌာနကလည်း နိုင်ငံခြားကနေ ပြည်တွင်းကို တရားဝင်လွှဲပြောင်းတဲ့ ငွေတွေကို မော်တော်ယာဉ်ဝယ်ယူတာ၊ အခြေခံပစ္စည်းဝယ်ယူတာ၊ တည်ဆောက်တာနဲ့ ရင်းနှီးမြုပ်နှံတဲ့နေရာတွေမှာ အခွန်ကင်းလွတ်ခွင့် ပြုမယ်လို့ အသိပေးထားပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဗဟိုဘဏ်ကနေ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၂၁၀၀ ကျပ် သတ်မှတ်ထား ပေမယ့် ပြင်ပမှာတော့ တစ်ဒေါ်လာကို မြန်မာငွေ ၃၅၀၀ ကျပ် ဝန်းကျင်အထိ ပေါက်ဈေးရှိနေတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနကတော့ ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ လုပ်ခလစာကို ဖြတ်တောက်တာ၊ အခြားတနည်းနည်းနဲ့ ဖိအားပေးလွှဲပို့ဖို့ လုပ်ဆောင်တဲ့ အေဂျင်စီ ဒါမှမဟုတ် ဘယ်လူပုဂ္ဂိုလ်ကိုမဆို NUG အနေနဲ့ ထိရောက်ပြင်းထန်စွာ အရေးယူသွားမယ်လို့ စက်တင်ဘာလ ၈ ရက်နေ့မှာ သတိပေး ကြေညာထားပါတယ်။

Most read this week

December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...
December 18, 2025
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း လူငယ် ၁၀၀ ကျော်ကို စစ်ကော်မ...
Photo credit - MOI
December 17, 2025
နိုင်ငံတဝန်းမှာ စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲအား နှောင့်ယှက်ဟန့်တားမှုကြောင့် လူပေါင်း...
December 16, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့...