စစ်ရှောင် မိခင်များ မီးဖွားရန် အကူအညီလိုအပ်

စစ်ရှောင် မိခင်များ မီးဖွားရန် အကူအညီလိုအပ်

တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်မြို့သို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် ကိုယ်ဝန် ဆောင် မိခင်များမှာ ဆေးဝါးနှင့် မီးဖွားရန်အတွက် ငွေကြေးအကူညီ အရေးပေါ် လိုအပ်နေသည်ဟု ကူညီလုပ် ဆောင်ပေးနေသူများနှင့် စစ်ဘေးရှောင်များက ပြောသည်။

မူဆယ်မြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် ကိုယ်ဝန်ဆောင် မိခင်များထဲမှ ၃ ဦးမှာ စက်တင်ဘာလအတွင်း တွင် မီးဖွားနိုင်ရန်အတွက် ငွေကြေး အကူအညီ အရေးပေါ် လိုအပ်နေသည်ဟု စစ်ဘေးရှောင်များကို ကူညီပေး နေသူ တစ်ဦးက ပြောသည်။

“တိုက်ပွဲရှောင်တွေထဲ ဒီလထဲမွေးမယ့်သူ သုံးဦးရှိပါတယ်။ ပြေးလာချိန်မှာ ဘာမှ မယူလိုက်ရဘူးလေ။ အခုက မီးဖွားမယ့်စရိတ်နဲ့ အနီးထုတ်တွေ လသားကလေးဝတ်တွေ လိုအပ်နေတယ်။”

ကိုယ်ဝန်ဆောင် မိခင်များမှာ တိုက်ပွဲများကြောင့် ရုတ်တရတ် ထွက်ပြေးလာရသည့်အပြင် မည့်သည့် အရာမှ သယ်ဆောင်မလာနိုင်သည့် အတွက် ယခုကဲ့သို့ အကူအညီလိုအပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့ကလည်း တိုက်ပွဲရှောင်လာသည့် ကိုယ်ဝန်ဆောင် မိခင်တစ်ဦးသည် မီးဖွား စရိတ် နှင့် ခွဲစိတ်စရိတ် မရှိသည့်အတွက် သွားရောက်ကူညီပေးခဲ့ရသည် ဟု မူဆယ်ပရဟိတ အသင်းတစ်သင်း က တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ဒီမှာရောက်လာတော့ အဝိတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာကြရတယ်။ ဟိုရက်ပိုင်းမှာလဲ မွေးလူနာက ဗိုက် နာလို့ဆိုပြီး သွားရောက်ခေါ်ဆောင်ပေးပြီးမှ ဆေးရုံပို့လိုက်တယ်။ မိခင်က ရိုးရိုးမမွေးနိုင်ဘူး။ ခွဲမွေးရမယ် ရိုးရိုး မွေးဖို့တောင် ငွေကြေးခက်ခဲ နေတယ် ပြောလာတယ်။ ကျနော်တို့ အသင်းလည်း ရတယ်ခွဲမွေးလိုက်လို့ ပြောလိုက်တာ။”

ထို့အပြင် မီးဖွားခဲ့သည့် အဆိုပါ စစ်ဘေးရှောင် မိခင်နှင့်ကလေးအတွက် အာဟာရနှင့် နို့မှုန့်ဖိုးများ လိုအပ်နေ သည်ဟု မူဆယ်ပရဟိတ အသင်းတစ်သင်းရှိ တာဝန်ရှိသူက ဆက်ပြောသည်။

“ဟိုနေ့မှာ မွေးတဲ့ကလေးက မကျန်းမာတာလား အသာဝါဖြစ်တာလာတော့ မသိဘူး။ ဓာတ်ကင်ရတယ်။ ကလေး အတွက် ဒီနေ့အထိ နို့မှုန့်ဖိုးတွေ ၇ သောင်းလောက် ကုန်ပါတယ်။ သူတို့နှစ်ဦးအတွက်လည်း အကူညီ တွေ လိုအပ်နေတယ်။”

အဆိုပါ စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့က မူဆယ်မြို့နယ်ရှိ ကျေးရွာများတွင် ဖြစ်ပွား ခဲ့သည့် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့အကြားက တိုက်ပွဲများ ကြောင့် မူဆယ်မြို့သို့ ထွက်ပြေး တိမ်းရှောင်လာကြခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ကျေးရွာများထဲကို လက်နက်ကြီး ဖြင့် ပစ်ခတ်မှုများ ရှိနေသည့်အတွက် နေရပ်မပြန်ရဲသေးဘဲ မူဆယ်မြို့တွင်သာ ဆက်လက် နေထိုင်နေရသည်။

April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...