ဖမ်းဆီးခံရသူများ ပြန်လွှတ်ပေးရေးအပါအဝင် တင်းမကျေးရွာသားများက တင်ပြခဲ့သည့် အချက်ငါးချက် ပြည်နယ်ကောင်စီ အကြောင်းမပြန်

ဖမ်းဆီးခံရသူများ ပြန်လွှတ်ပေးရေးအပါအဝင် တင်းမကျေးရွာသားများက တင်ပြခဲ့သည့် အချက်ငါးချက် ပြည်နယ်ကောင်စီ အကြောင်းမပြန်
by -
ထွန်းခိုင် (နိရဥ္စရာ)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာသားများက ပြည်နယ်ကောင်စီကို တင်ပြထားသည့် အချက်ငါးချက် ၁၀ ရက်ကျော်လာသည်အထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်းမရှိကြောင်း သိရသည်။

အဆိုပါ အချက်ငါးချက်မှာ ကျေးရွာတွင်း/ပြင် အနီးဝန်းကျင်ရှိ လယ်မြေ၊ ယာမြေ၊ တောတောင်များအား မိုင်းနှင့် အခြားစစ်လက်နက်ကျန်ပစ္စည်းများအား ရှင်းလင်းပေးပါရန်၊ ကျေးရွာအတွင်း လုံးဝပျက်/ တစ်စိတ် တစ်ပိုင်းပျက်စီးနေသော နေအိမ်များအား ပြန်လည်ဆောက်လုပ်ပြုပြင်ပေးရန်နှင့် လတ်တလောလိုအပ်နေသော စားနပ်ရိက္ခာများအား ထောက်ပံ့ပေးပါရန်၊ ကျေးရွာသူ/သားများ ပြန်လည်ထူထောင်နိုင်ရေးအတွက် လိုအပ်နေသော အထောက်အပံ့များအား ပြည့်ပြည့်ဝဝ ဆောင်ရွက်ပေးပါရန်၊ ၂၀၂၀ခုနှစ် မတ် ၁၆ရက် တွင် တင်းမကျေးရွာသား ၁၀ ဦးနှင့် တင်းမသစ်ကျေးရွာသား ရှစ်ဦးတို့အား တပ်မ ၅၅ က ဖမ်းဆီးသွားခြင်းအပေါ် ထိရောက်သော စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး ကျူးလွန်သူများအား မြန်မာနိုင်ငံတော်၏ တရားဥပဒေအတိုင်း ထိထိရောက်ရောက်အရေးယူပေးပါရန်၊ ကျေးရွာသူ/သားများ၏ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ ပြဿနာများမဖြစ်ပေါ် စေရန်အတွက် တင်းမကျေးရွာ အရှေ့ဘက်တောင်ရှည်တောင်ပေါ်က တပ်စခန်းသည် တင်းမကျေးရွာနှင့် ခုနစ်ဖာ လုံအကွာအဝေးတွင်ရှိပြီး ကျေးရွာသူ/သားများအား တစ်စုံတစ်ရာ အနှောင့်အယှက် မပေးစေလိုကြောင်းနှင့် အနှောင့်အယှက်တစ်စုံတစ်ရာပေးလာခဲ့ပါက ပြည်နယ်စီမံ ခန့်ခွဲမှုကောင်စီနှင့် နိုင်ငံတော် စီမံခန့်ခွဲမှုကောင်စီအဖွဲ့အနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွားကာကွယ်ရန် အလို့ငှာ နှောက်ယှက်ဖျက်ဆီးမှု ကျူးလွန်သူများအား ထိထိရောက်ရောက်အရေးယူမှုများ ပြုလုပ်ပေးပါရန် တို့ဖြစ်သည်။

၎င်းတောင်းဆိုချက်များကို ဧပြီ ၂၆ ရက်က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ထံ စာဖြင့်ရေးသားတောင်းဆိုခဲ့ပြီး ယနေ့ထိ အကြောင်းတစ်စုံတစ်ရာ မပြန်သေးကြောင်း တင်းမကျေးရွာမှ ရပ်မိ/ရပ်ဖ ဦးစောသိန်းက ပြောသည်။

“ကျွန်တော်တို့ဆီကို ကောင်စီက အကြောင်းမပြန်သေးပါဘူး။ အဲလိုအကြောင်းမပြန်တဲ့အတွက် ကျွန်တော်တို့ စာထပ်တင်ဖြစ်ရင် တင်ပါတယ်။ ကောင်စီကို စာထပ်တင်ဖို့အတွက် လုပ်နေကြပါတယ်။ ထပ်တင်ဖြစ်ခဲ့ရင်လည်း အရင်က တောင်းဆိုချက်တွေအတိုင်း တောင်းဆိုမှာပါ” ဟု ၎င်းကပြောသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် ဘုန်းတော်ကြီးကျောင်း၊ သိမ်၊ ဓမ္မာရုံ၊ စာသင်ကျောင်း၊ စေတီပုထိုးများနှင့် လူနေအိမ်များကို ပြန်လည်ပြုပြင်ပေးရန်နှင့် ကျေးရွာသားများ မိမိနေအိမ်တွင် အေးချမ်းစွာ ပြန်လည်နေထိုင်နိုင်ရန်အတွက် နိုင်ငံတော်တွင် တာဝန်ရှိသူများအနေဖြင့် စီစဉ်ပေးသင့်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

မီးလောင်ဆုံးရှုံးသွားသည့်အထဲတွင် အဆိုပါ ရပ်မိ/ရပ်ဖ ဦးစောသိန်း၏နေအိမ်လည်း ပါသွားကြောင်း၊ ဆုံးရှုံးသွားသည့် ပိုင်ဆိုင်မှုများအတွက် ပြန်လိုချင်ကြောင်း ဦးစောသိန်းက ပြောသည်။

“ရွာအခြေနေက အရမ်းကို ရုပ်ဆိုးအကျဉ်းတန်ပြီးတော့ ပြာပုံတွေနဲ့၊ မီးလောင်ပြီး ကျန်ခဲ့တဲ့ အိမ်ရာတွေ၊ မီးလောင်သွားတဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို မြင်ခဲ့ရပါတယ်။ အိမ်တွေလည်း ပျက်စီးနေပါတယ်။ ရုပ်ပျက်ဆင်းပျက် တွေ့ခဲ့တယ်။ ကျနော့်ရဲ့အိမ်လည်း မီးထဲပါသွားတယ်။ ဆိုင်ကယ်တွေလည်း ပါသွားပါတယ်။ ကျနော့်မှာ အိမ်ပါ ပစ္စည်းတွေပါ အကုန်လုံးက သိန်း ကိုးဆယ်ဖိုးလောက်ရှိပါတယ်။ အခုလို မီးလောင်ဆုံးရှုံးရတဲ့ အတွက် ဆုံးရှုံးသွားတဲ့ပိုင်ဆိုင်မှုတွေကို ပြန်လည်ထူထောင်ဖို့ အကူအညီ ပြန်လိုချင်တယ်” ဟု ပြောသည်။

တင်းမဆရာတော် ဦးဝါယမိန္ဒကလည်း တင်ပြတောင်းဆိုချက်ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက အကြောင်းတစ်စုံတစ်ရာ မပြန်သေးကြောင်းလည်း နိရဥ္စရာသို့ မိန့်ကြားသည်။

တင်းမကျေးရွာမှ ရွာသားများအနေဖြင့် ၂၀၂၀ ပြည့်နှစ် မတ်လအတွင်းရွာကို စွန့်ခွာခဲ့ကြပြီး ယင်းနောက်ပိုင်း ကျေးရွာအတွင်းမှ နေအိမ် ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

မီးရှို့ခံခဲ့ရသည့် လက်ရှိကျေးရွာ၏ အခြေနေအားသိလိုသဖြင့် မတ် ၂၃ ရက်က ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းနှင့် တင်းမကျေးရွာမှ ရပ်လူကြီးများက သက်ဆိုင်ရာတာဝန်ရှိသူများ၏ ခွင့်ပြုချက်ဖြင့် သွားရောက် စာရင်းကောက်ယူ ခဲ့ကြကြောင်း သိရသည်။

ထိုသို့ စာရင်းကောက်ယူခဲ့ရာတွင် ကျေးရွာအတွင်း မီးလောင်ပျက်စီးသွားသည့် နေအိမ် ၁၃၂ လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည့်နေအိမ် ၉၃ လုံးရှိပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းတော်ကြီးကျောင်း၊ စေတီပုထိုး၊ သိမ်၊ ဓမ္မာရုံများမှာလည်း ပျက်စီးလျှက် တွေ့ရှိခဲ့ကြောင်း ကျေးရွာ ရပ်မိ/ရပ်ဖများက ပြောသည်။

တင်းမကျေးရွာ၏ အရှေ့ဘက် နှစ်ဖာလုံခန့်အကွာတွင်ရှိသည့် တောင်ရှည်တောင်တွင် တပ်မ ၅၅ လက်အောက်ခံ စစ်ကြောင်းတစ်ခု အတည်ချနေထိုင်လျက်ရှိသည့်အတွက် ရွာသားများအနေဖြင့် ရွာ၌ မနေရဲကြကြောင်းကို ကျေးရွာသားများက ပြောသည်။

June 30, 2021
Kachin Independence Army (KIA) attacked the 21st-mile gate in upper Mayan village at the...
June 30, 2021
Anti-coup protests continue in Haungpar village-tract in Hpakant Township in Kachin State...
June 30, 2021
Universities will start receiving the enrollment of students for distance education for the 2021...
June 29, 2021
At least seven vaccinated persons are among more the 100 newly-infected persons in Arakan State...