သံလွင်ငြိမ်းချမ်းရေးဥယာဉ်အတွင်းရှိ ကျေးရွာများ သုံးရက်ဆက် လေယာဉ်ဗုံးကြဲခံရသဖြင့် ဒေသခံထောင်ချီ ထိုင်းဘက်သို့ ထွက်ပြေးခဲ့ရ

သံလွင်ငြိမ်းချမ်းရေးဥယာဉ်အတွင်းရှိ ကျေးရွာများ သုံးရက်ဆက် လေယာဉ်ဗုံးကြဲခံရသဖြင့် ဒေသခံထောင်ချီ ထိုင်းဘက်သို့ ထွက်ပြေးခဲ့ရ
by -
စိုင်းထွန်းစံ (MNA)

မတ် ၂၇ ရက်တွင် ကျရောက်သော (၇၆) ကြိမ်မြောက် တပ်မတော်နေ့မှစတင်၍ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေရှိ ကရင်ပြည်နယ် ဖာပွန်ခရိုင် သံလွင်ငြိမ်းချမ်းရေးဥယာဉ်အတွင်းရှိ ကျေးရွာများသုံးရက်ဆက်တိုက် လေယာဉ်ဗုံးကြဲခံရသဖြင့် ထောင်နှင့်ချီသောဒေသခံများ ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထိုင်းနယ်စပ်အနီး တပ်စွဲထားသည့် သီးမူးထာရှိ အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်းတစ်ခုကို မတ် ၂၇ ရက် နံနက်ပိုင်းက KNU တပ်ဖွဲ့ဝင်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်ဖက်က ညနေပိုင်းတွင် လေယာဉ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး  အရပ်သား တစ်သောင်းနီးပါးခန့် သံလွင်မြစ်ကူး၍ ထိုင်းနယ်မြေသို့ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း သိရသည်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN ပြောခွင့်ရ စောသူးဘီးက “တပ်မတော်နေ့လုပ်တဲ့ ညနေ ၅ နာရီလောက်မှာ သူတို့ (စစ်တပ်) လေယာဉ်နဲ့လာပြီးတော့မှ ပတ်ရှာပြီး ခုနစ်နာရီလောက်မှာ စပြီးပစ်တာပေါ့နော်။ ၂၈ မနက်မှာလည်းပစ်တယ် တစ်နေကုန်ပတ်ခြာလည်ပြီးပစ်တယ်။ အဲဒီ ဒေဘူနိုရွာတင်မကပဲနဲ့ တခြားအပြင်ရွာကိုလည်း သူတို့ပစ်တာပေါ့နော်။ ပြီးတော့ ၂၉ ရက်မှာ ထပ်ပစ်တော့ လူတစ်ယောက်သေတယ်။ လူတစ်ယောက်ဒဏ်ရာရတာပေါ့နော်။ ဆိုတော့ ခုနကနော်ပြောတဲ့ ၂၇ ရက်ညကပစ်တဲ့ ထိခိုက်ဒဏ်ရာရတဲ့ လူရှစ်ယောက်က တော်တော်ပြင်းပြင်းထန်ထန်ဒဏ်ရာရတယ်။ သေမလား၊ ရှင်မလားဆိုတာ ကျွန်တော် တို့ခုထက်ထိ မသိရသေးဘူးပေါ့နော်။ ပြီးတော့ သူတို့  ဆေးဝါးကုသမှုပိုင်းအနေနဲ့  ရနိုင်တဲ့အခြေအနေ နည်းတယ်လို့ မြင်တယ်။ ဒီသံလွင်မြစ်တလျှောက်နေ တဲ့ရွာတွေက ထိုင်းဖက်ကို ကူးပြီးနေနေကြတာပေါ့။ ပြီးတော့လူထုအထဲမှာ CDM လုပ်တဲ့ လူကြီးတချို့တွေလည်း ပါလာကြတာပေါ့နော်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ထို့အတူ ဒေပူးနို၊ တနေးလူတောင်ကုန်းကျေးရွာ၊ ကလိုဘောထာကျေးရွာ၊ မောယူနီကျေးရွာ၊ သယ်ဘိုးပလောကျေးရွာ၊ သီးကောထာကျေးရွာ၊ ဟိုကေကျေးရွာ ကျေးရွာပေါင်း ခုနစ်ရွာခန့် ဗုံးကြဲတိုက်ခိုက်ခံရကြောင်း KNU ဗဟိုဌာနချုပ် သတင်းနှင့်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်ဘက်က KNU တပ်မဟာ ၅အနေဖြင့် NCA ကိုလိုက်နာမှုမရှိဘဲ နယ်မြေလုံခြုံရေးဆောင် ရွက်လျက်ရှိသော တပ်မတော်စခန်းများကို ထိခိုက် ဆုံးရှုံးစေရန် တိုက်ခိုက်လာမှုသည် သည်းခံနိုင်မှုအတိုင်းအတာအထိ ကျော်လွန်လာခြင်းကြောင့် မတ် ၂၇ ရက်မှစတင်ကာ ပြုလုပ်သင့် ပြုလုပ်ထိုက် တာများကို တပ်မတော် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာဏာသိမ်းစစ် ကောင်စီက ထိန်းချုပ်ထား သော မြန်မာ့အသံရုပ်မြင်သံကြား MRTVကတဆင့် သတင်းထုတ်လွှင့်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ ၃၄၉ တပ်စွဲထားသည့် တပ်စခန်းတည်ရှိရာ သီးမူထာတပ်စခန်းကို ၂၀၂၁ ခုနှစ် မတ် ၂၇ ရက် နံနက် ၆ နာရီ ၁၅ မိနစ်တွင် စတင်ဝင် ရောက်တိုက်ခိုက်ရာ အလုံးစုံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ မြန်မာစစ်တပ်ဘက်က ဒု-တပ်ရင်းမှူး တစ်ဦးအပါအဝင် တပ်သား ၁၀ ဦး ကျဆုံး၍ ရှစ်ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း မူတြော်ခရိုင်- အမှတ် ၅ တပ်မဟာ KNU ကရင်အမျိုးသားအစည်းအရုံးက သတင်းထုတ်ပြန်ခဲ့သည်။

June 30, 2021
Kachin Independence Army (KIA) attacked the 21st-mile gate in upper Mayan village at the...
June 30, 2021
Anti-coup protests continue in Haungpar village-tract in Hpakant Township in Kachin State...
June 30, 2021
Universities will start receiving the enrollment of students for distance education for the 2021...
June 29, 2021
At least seven vaccinated persons are among more the 100 newly-infected persons in Arakan State...